အသိပေးပါရစေ


ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ ခင်ဗျာ…
ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်း၏ လစဉ်အလှူတော်မှတ်တမ်းများကို http://mmtheravada.org/ မှာ ဖော်ပြ ထားပါတယ်။ အလှူမှတ်တမ်းအပြင် တရားတော်မျာ၊ တရားစာအုပ်များ နှင့် ဓမ္မဆောင်းပါးများကို ကဏ္ဍခွဲ၍ ဓမ္မဒါနပြု ထား ပါတယ်။
ဓမ္မမိတ်ဆွေများ အနေဖြင့် http://mmtheravada.org/ ကို လာရောက်ကြစေလိုပါတယ်….

အပြည့်အစုံသို့

တနှစ်ပြည့် အလှူတော်

ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့…

ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ဦးဆောင်၍ လစဉ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ ၂၀၀၉ ခုနှစ် ဧပြီလတွင် တစ်နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ဧပြီလတွင် “ဈေးဝင်းမင်း” ပရိယတ္တိစာသင်တိုက်သို့ န၀ကမ္မအလှူငွေ (၃)သိန်းနှင့် AIDS ကူးဆက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအသင်း (HHHP- Happy Haven Humanitarian Project) သို့ တန်ဖိုးငွေ(၂)သိန်းခန့် စားစရာနှင့် လိုအပ်သောပစ္စည်းများ ၀ယ်ယူ လှူဒါန်းခဲ့ပါတယ်။ ထို့အပြင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ် အုပ်စု၊ တလင်းကြီးရွာ၊ တွဲဘက် အလယ်တန်းကျောင်းတွင် ရေတွင်း၊ ရေကန်၊ ရေစက်များ လှူဒါန်းလျက်ရှိပါတယ်။ ထိုအတွက်လိုအပ်သော အလှူငွေများကို ယခုလ(မေလ)တွင် ကောက်ခံရရှိသော အလှူငွေ များနှင့်ပေါင်းပြီး လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
ယခုလတွင် ပရဟိတရွှေကျောင်း၊ မြန်အောင်မြို့နှင့် ကျောင်းသစ်ပရိယတ္တိ စာသင်တိုက်၊ ရမ်းဗြဲမြို့၊ ရခိုင်ပြည်နယ်သို့ လှူဒါန်းရန် ရည်ရွယ်ထားပါတယ်။
ဧပြီလတွင် ကျောင်းများအလိုက် ပါဝင်လှူဒါန်းခဲ့သော အလှူငွေများမှာ-


၁။ MEPhI …………….. ၁၁၈၀၃
၂။ MAI …..…………….. ၉၄၀၀
၃။ BMSTU (Kaluga) … ၆၂၅၀
၃။ MIET ………………… ၅၇၈၃
၎။ BMSTU ……………… ၄၇၅၅
၅။ MATI ………………… ၄၃၅၀
၆။ MISA ………………… ၂၀၅၀
၇။ MSTU ……………….. ၁၅၇၀
၈။ MPEI ………….……… ၁၅၀၀
………………………………………….
စုစုပေါင်း ……………….. ၄၇၄၆၁
ကျွန်တော်တို့ ညီအကိုတွေ အနေနဲ့ မိမိတို့အလှူဒါန တစ်ခုကိုပြုပြီးသောအခါ စေတနာအလျောက် ပြုလုပ်ခဲ့ပြီးသော ထိုအလှူအား မေ့မေ့ပျောက်ပျောက် မထားစေချင်ပါဘူး။ ကိုယ်ပြုခဲ့ပြီးသော အလှူဒါနတို့အား အဖန်ဖန်အထပ်ထပ် ပွားများခြင်းကို စာဂါနုဿတိ လို့ခေါ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ လှူစဉ်အခါက ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတရားတွေ ထက်ထက်သန်သန်ဖြင့် လှူဒါန်းထားခဲ့ပြီးသော အလှူဒါနတို့ကို မေ့ပျောက် မသွားအောင် အထပ်ထပ်အမှတ်ရ နေရပါမယ်။ အဲဒီလို စာဂါနုဿတိကို ပွားများရင် ရာဂ၊ ဒေါသ၊ မောဟ ကိလေသာများနဲ့ယှဉ်တဲ့ စိတ်တွေဟာ ဖြစ်မလာတော့ပဲ မိမိတို့လှူဒါန်းထား ခဲ့ပြီးသော အလှူဝတ္ထု အာရုံအပေါ်မှာပဲ ဖြောင့်တန်းသွားပါလိမ့်မယ်။ ထိုကဲ့သို့ မိမိစိတ်ကလေး ဖြောင့်တန်းသွားပြီဆိုရင် အလှူနဲ့ပတ်သတ်လို့ (ပါမောဇ္ဇ) ဝမ်းမြောက်မှု၊ ထို့နောက် အလှူကို ဝမ်းမြောက်ကြည် နူးမှု (ပီတိ)တွေဖြစ်တည် လာပါတော့တယ်။ အဲဒီလို ပီတိပါမောဇ္ဇ တွေဖြစ် လာရင် ပီတိကဿ ကာယော ပဿမ္ဘိ ဆိုတဲ့ မိမိစိတ်ဟာ ကိလေသာ အပူတွေငြိမ်းပြီး (ပဿဒ္ဓိ) ဖြစ်လာပါတော့တယ်။ စိတ်တွေ ကိလေသာတွေ အေးငြိမ်းလို့ ပဿဒ္ဓိ ဖြစ်လာရင် စိတ်စေတသိက်တွေရဲ့ မှီရာဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာလဲ အေးချမ်းလို့လာပါတယ်။ အဲဒီလို အေးချမ်းလာရင် ပဿဒ္ဓဿကာယော သုခံဝေ ဒိယတိ ဟုဆိုသော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများကို ခံစားလာရပါတော့တယ်။ အဲဒီလို စိတ်ရောကိုယ်ရော ချမ်းသာလာပြီဆိုရင် သုခိတော စိတ္တံ သမာဓိယတိ ဆိုတဲ့အတိုင်း စိတ်တည်ကြည်မှု သမာဓိတရား ကိုရလာပါ တော့တယ်။ အဲဒီအချိန်မှာ မိမိရဲ့စိတ်မှာ ကာမစ္ဆန္ဒ အစရှိတဲ့ နီဝရဏတရားဆိုး တွေမဝင်နိုင်လို့ စိတ်အစဉ် ဟာကြည်လင်းသန့်ရှင်း နေပါတယ်။ အဲဒါကို ဒါနဝေါဿဂ္ဂူပတ္တ ဆိုက်တယ်လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ လှူဒါန်းမှု၊ စွန့်ကြဲမှု အခြင်းအရာကို ထင်ပြီးတော့ ကိလေသာမဝင်ပဲ စိတ်တစ်မျိုးတည်း ဖြစ်နေတာ ကိုပြောတာပါ။ အဲဒီပုဂ္ဂိုလ်ကို ဝိပဿနာတရား သို့ ဆိုက်ရောက်ပြီး စာဂါနုဿတိပွားနေသူလို့ ဆိုထိုက်ပါတယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။

ထိုကဲ့သို့ စာဂါနုဿတိကိုပွားများလို့ စိတ်တည်ကြည်မှု သမာဓိကို အခြေခံပြီး ဥပါဒါနာက္ခန္ဓာ ငါးပါးကို ဝိပဿနာရှုပွားလိုက်မယ်ဆိုရင် မဂ်တရား၊ ဖိုလ်တရားတွေကို အဆင့်ဆင့်ရရှိနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ပြု လုပ်ခဲ့ပြီးဖြစ်သော ဒါနအမှုကိုအခြေခံပြီး ပြန်လည်ဝမ်းမြောက် ပွားများမယ် ဆိုရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ဧကန်မျက် မှောက်ပြုနိုင်ပါလိမ့်မယ်။ ဤသို့ဆိုလျှင် ဒါနမှုဟာ ဉာဏ်မရှိတဲ့သူတွေ လုပ်တဲ့အလုပ်၊ သံသရာကို ရှည်စေတယ်ဆိုသော အရပ်စကားသည် မှားယွင်းနေသည်မှာ အထင်အရှားပင် ဖြစ်ပါတယ်။

စာဂါနုဿတိပွားလို့ သမာဓိရလာတဲ့ အလှူ့ရှင်ကို မြတ်စွာဘုရားရှင်က ဤကဲ့သို့ ချီးကျူးတော်မူထားပါတယ်။
“ချစ်သား… မဟာနာမ် မိမိရဲ့အလှူကို အာရုံပြုပြီး စာဂါနုဿတိကို ပွားများလို့ သမာဓိရနေတဲ့ အရိယာပုဂ္ဂိုလ်ကို ရာဂ၊ ဒေါသ၊ မောဟတွေ မငြိမ်းအေး မငြိမ်သက်တဲ့ သတ္တဝါတွေထဲမှာ ငြိမ်းအေးငြိမ်သက်စွာ နေနိုင်သူ၊ ဆင်းရဲခြင်းရှိတဲ့ သတ္တဝါတွေထဲမှာ ဆင်းရဲခြင်းကင်းပြီးတော့ နေနိုင်တယ်လို့၊ ဆိုသင့်ဆိုထိုက်တယ်” လို့ ဘုရားရှင်ကိုယ်တော်တိုင် ချီးကျူးတော်မူခဲ့ပါတယ်။

ထို့ကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများ၊ ညီအကိုများ အနေနဲ့ မိမိတို့ ပြုလုပ်နေကျဖြစ်တဲ့ ဗုဒ္ဓအလိုကျ အလှူဒါနကို ပွားမျာင်းဆင်ခြင်၍ မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ တိုင်အောင်ရရှိခံစား စံစားနိုင်ကြပါစေ။

ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များအသင်း

မှတ်ချက်။ ။၂၀၀၉ခုနှစ်၊ ဇန်န၀ါရီလတွင် စစ်ကိုင်းတောင်ရှိ ပရဟိတ စာသင်ကျောင်းကို အသစ် ဆောက်လုပ်ရန် အတွက် လှူဒါန်းကြသော အလှူငွေများဖြင့် ယခုအချိန်အတွင် စတင်ဆောက်လုပ် လျက်ရှိပါတယ်။ ကျောင်းအလှူတော်ကို အသစ်ပြုလုပ် ထားသော www.mmtheravada.org တွင် သီးသန့် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ယခုပြီးစီးသည် အခြေအနေကို ဖော်ပြထားပါတယ်။ ထိုဆိုဒ်တွင် ထေရ၀ါဒအသင်း သားများဖြစ်သည့် ၀င်းမြင့်(သစ္စာတရား)၊ ထွန်းထွန်းလှိုင်၊ အောင်ဦး(ဓမ္မရသ)၊ သုခရိပ်၊ အမောင် (ရေနံသာ)၊ တို့ ရေးသားသော ဓမ္မဆောင်းပါး များကိုလည်း တင်ပြထားပါတယ်။




အပြည့်အစုံသို့

လှူလည်းလှူပါ ယူလည်းယူပါ၊

ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့…
ကျနော်တို့ ရုရှားရောက်ကျောင်းသားများနှင့် စေတနာရှင်များကိုယ်စား ထေရ၀ါဒ ဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိသော နေရာများကို လစဉ် လှူဒါန်းလျက်ရှိရာ ယခု (၁၁)ကြိမ်မြောက် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ (၁၁)ကြိမ်မြောက် လှူဒါန်းရာတွင် ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကန်ရွာ၊ တောင်နီကလေးကျောင်တွင် လိုအပ်နေသော အင်ဂျင်၊ လေမှုတ်စက်နှင့် န၀ကမ္မအလှူငွေ အပါအ၀င် စုစုပေါင်း (၆)သိန်း။ မြင်းခြံမြို့၊ အမှတ်(၁၇) ရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော ဓမ္မာရုံ အတွက် (၇)သိန်း၊ စုစုပေါင်း (၁၃)သိန်းခန့် လှူဒါန်းခဲ့ပါတယ်။
ယခုလတွင် “ဈေးဝင်းမင်း” ပရိယတ္တိစာသင်တိုက်၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်း။ AIDS ကူးဆက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအသင်း (HHHP- Happy Haven Humanitarian Project)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ နှင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်အုပ်စု၊ တလင်းကြီးရွာ၊ တွဲဘက် အလယ်တန်းကျောင်းတွင် ရေတွင်း၊ ရေကန်၊ ရေစက်များ လှူဒါန်းရန် လျာထားပါတယ်။


မတ်လတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-
၁။ MEPhI ………….. ၁၁၀၀၉
၂။ MAI ……………….. ၈၉၀၀
၃။ MSU ……………….. ၈၁၄၃
၎။ BMSTU ……………. ၆၂၁၀
၅။ BMSTU(Kaluga)…. ၅၆၈၀
၆။ MATI ……………….. ၄၉၆၈
၇။ MIET ……………….. ၄၃၈၀
၈။ MUCTR …………….. ၃၉၁၇
၉။ MSMU ………………. ၂၈၀၀
၁၀။ MISA ……………… ၂၈၀၀
၁၁။ MSTU ……………… ၂၁၁၀
………………………………………………
စုစုပေါင်း ……………….. ၆၀၉၁၇ ရူဘယ်
ကျနော်တို့တွေ လစဉ်လှူဒါန်းတာတွေမှာ လှူတတ်ဖို့လိုသလို ယူတတ်ဖို့လည်း အရေးကြီးပါတယ်။ လှူတယ် ဆိုတာ တကယ်တော့ ဒါနပြုတာပါပဲ။ ဒါနပြုခြင်းဆိုတာ ဒီဝတ္ထုပစ္စည်းအပေါ်မှာ တက်မက်တဲ့ လောဘတဏှာ၊ သူတစ်ပါးကို မပေးချင်တဲ့ မစ္ဆရိယ စိတ်တွေကို ပါယ်သတ်နေတာပါ။ ပေးလှူလိုတဲ့ စေတနာ၊ ပစ္စည်းဝတ္ထု၊ အလှူခံပုဂ္ဂိုလ်ရယ် ဒီသုံးခု ပြည့်စုံရင် အလှူဒါနတခု ဖြစ်သွားတာပါပဲ။ ဒီအချက်ထဲမှာ ပေးလှူလိုတဲ့ စေတနာ ဆိုတာ အင်မတန် အရေးကြီးပါတယ်။ စေတနာကောင်းရင် အကျိုးပေးလည်း ကောင်းလာမှာပါ။ စေတနာ ကောင်းဖို့ထက် ဆုတောင်းကောင်းဖို့က ပိုပြီးအရေးကြီးပါတယ်။ သံသရာထဲမှာ လည်စေတဲ့ ဆုတောင်းမျိုး ဆိုရင်တော့ အဲ့ဒီ့အလှူကို သာသနာပအလှူလို့ ပြောလို့ရပါတယ်။ ဘုရားရှင် သာဓုမခေါ်ဆိုတဲ့ အလှူမျိုးပေါ့။ ဥပမာ.. မွေးနေ့မှာ ငါးတွေကို ရေထဲလွှတ်ရင်းနဲ့ နင့်အသက်တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွှတ် ဆိုပြီးတော့ ဆုတောင်းလိုက်တဲ့ အလှူကျတော့ ငါးဘ၀ကို ဆယ်ခါ လိုချင်တဲ့အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ နောက်ပြီး လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ချင်လို့လှူတယ်ဆိုတာ ကျတော့လည်း လူဘ၀၊ နတ်ဘ၀နဲ့ အကြိမ်ကြိမ် သေချင်ပါတယ်လို့ ဆုတောင်းလိုက်သလိုမျိုး အဓိပ္ပါယ် သက်ရောက်သွား ပါတယ်။ ဘုရားရှင်သာဓုခေါ်တဲ့ ဆုတောင်းမျိုးနဲ့ ဆုတောင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို ဆုတောင်းမျိုးကိုမှ လှူပြီးရင် ယူတယ်လို့ ခေါ်ပါတယ်။ လှူပြီးရင် ယူတဲ့ဆုတောင်းမျိုးက ဘယ်လိုလည်း ဆိုတော့… အကျွန်ုတို့သည် ဤသို့လှူဒါန်း ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အို၊ နာ၊ သေဘေးတို့မှ ကင်းဝေးရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ရပါ လို၏… လို့ ဆုတောင်းလိုက်တာကျတော့ ယူတဲ့အလှူပါ။ ဒီလိုဆုတောင်းမျိုးကျတော့ ဘုရားရှင် သာဓုခေါ်တဲ့ ဆုတောင်းမျိုးပါ။
ယခုအချိန်မှာ ကျနော်တို့တွေဟာ ဘုရားရှင်ရဲ့သာသနာနဲ့ ကြုံတွေ့နေရတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ လှူပြီး ပြီးရော ဆိုတဲ့အသိမျိုးနဲ့ မလှူမိဖို့ အရေးကြီးပါတယ်။ ဆရာတော်အရှင်ဇ၀န ဆုံးမတဲ့စကားလေး တစ်ခွန်း လိုပါပဲ။ မျှော်လင့်ချက်နဲ့ ပေးကမ်းတာဟာ အရောင်းအ၀ယ်လုပ်တာ… ဘာမျှော်လင့်ချက်မှ မပါပဲ ပေးကမ်းရင် ဒါနပြုတာ တဲ့။ ဒါဆို ကျနော်တို့တွေ လှူတဲ့အလှူဟာ နာမည်ကြီးဖို့၊ ကိုယ့်ကိုသူများအထင်ကြီးဖို့၊ ဘွဲ့လက် မှတ်တွေရချင်လို့ လှူတဲ့အလှူမျိုး မဟုတ်တဲ့အတွက် ဒါနစစ်တာတော့ သေချာသွားပါပြီ။ ကိုယ်လှူတဲ့အလှူ တစ်ခုမှာ ကိုယ်က စေတနာလည်းကောင်းတယ်၊ ဆုတောင်းလည်းကောင်းတယ်၊ ဉာဏ်လည်းယှဉ်တယ် ဆိုရင်တော့ ပါရမီထိုက်တဲ့အလှူလို့ ပြောနိုင်ပါပြီ။ ဒီလိုပါရမီထိုက်တဲ့ အလှူမျိုးကို လှူလိုက်ပြီ ဆိုတော့မှလည်း ကိုယ့်ဘက်က လှူလည်းလှူလိုက်သလို အပြည့်အ၀ ယူလည်းယူလိုက်တဲ့ သဘောမျိုး သက်ရောက် သွားပါလိမ့်မယ်။ ဉာဏ်ယှဉ်ပြီးလှူတယ် ဆိုတာကျတော့ ဒီလှူတဲ့ အလှူအပေါ်မှာ သာယာပြီးတော့ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တဲ့ ဘ၀တဏှာ၊ ငါမှလှူနိုင်တယ်ဆိုတဲ့ မာန၊ ငါလှူနေတယ်ဆိုတဲ့ ဒိဌိကိလေသာ တို့ကိုဖျောက်ပြီးတော့ မအို မနာ မသေရာ အမြတ်နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏ ဆိုပြီး စိတ်က နိဗ္ဗာန်ကိုသာ ဦးညွတ်ပြီး လှူတဲ့ အလှူမျိုးကို ခေါ်ပါတယ်။ ဒါ့ကြောင့် သူတောင်ကောင်းအပေါင်းတို့ သည်လည်း ကိုယ်လှူတဲ့ အလှူကို နိဗ္ဗာန်ကို ရောက်ရပါလို၏ဟု စိတ်ညွတ်ပြီးတော့ လှူလည်းလှူပါ၊ လှူပြီးတော့လည်း အပြည့်အ၀ ယူလည်း ယူနိုင်ကြပါစေလို့ ကောင်းမွန်တဲ့ စိတ်ဓာတ်ဖြင့် ဆန္ဒပြုလိုက်ပါတယ်။
မှတ်ချက်။ ။ကာလုဂါမြို့ (BMSTU -KaLuGA) ကျောင်းမှ အလှူငွေများကို ကိုပခန်း (ခ) ကိုဇော်မင်းမင်းထွန်း (pakhantharlay@gmail.com)မှ ကောက်ခံပြီး လှူဒါန်းမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ မဆင့်ဆင့်သက် (ခေတ္တစင်္ကာပူ)မှ မြန်မာငွေ ၅သောင်းကျပ် လစဉ်လှူဒါန်းပါတယ်။ ယခု အချိန်တွင် အမှတ်(၂၁)၊ အခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (စစ်ကိုင်းတောင်ရိုး)၊ ကို စတင်ဆောက်လုပ်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မကြာခင် မှတ်တမ်းပုံများဖြင့် တင်ပြပါမည်။


ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း



အပြည့်အစုံသို့

“သဒ္ဓါ ပညာယှဉ်ပါလေ”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့…
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ဦးဆောင်၍ လစဉ်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပခုက္ကူမြို့ရှိ မျက်မမြင်ကျောင်းသို့ လိုအပ်သည့် အသုံအဆောင် ပစ္စည်းများ လှူဒါန်းပြီး ထမင်းတစ်ရက် ကျွေးခဲ့ပါတယ်။ ထို့အတွက် အလှူငွေ (၂)သိန်း လှူဒါန်းခဲ့ပါတယ်။ ထို့ပြင် ပရိယတ္တိ စာပေများကို သင်ယူနေကြသော သံဃာတော် အရှင်သူမြတ်များကို ဆွမ်းလောင်းလှူနိုင်ရန် အတွက် ပခုက္ကူမြို့၊ အနောက်ကျောင်းတိုက် ဆွမ်းလောင်းအသင်းအား ဆွမ်းပဒေသာပင် အလှူငွေ (၁)သိန်းကျပ် နှင့် ဆွမ်းလောင်း လှူရန် (၁)သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ စာပေပညာများ သင်ကြားပို့ချနေသော မြောက်ဥက္ကလာ (၂)ရပ်ကွက်၊ နတ်မောက် ၀ိဇ္ဇာ၊ သိပ္ပံ ဘုန်းတော်ကြီးကျောင်းသို့ န၀ကမ္မအလှူငွေ (၃)သိန်းကျပ်၊ နာရေးကိစ္စတို့ကို ဆောင်ရွက်ပေး နေကြသော မြင်းခြံမြို့ နာရေးကူညီမှု အသင်းသို့ (၃)သိန်းကျပ် လှူဒါန်းခဲ့ပြီး ဖြစ်၍ စုစုပေါင်း လှူဒါန်းငွေ (၁၀)သိန်းကျပ် ဖြစ်ပါတယ်။


ယခုလ (မတ်လ)တွင် ပျဉ်းမနားမြို့နယ်၊ ကြည်တော်ကန်ရွာ၊ တောင်နီကလေးကျောင် တရားစခန်းတွင် မီးစက် လိုအပ်နေတဲ့ အတွက် ယခုလကောက်ခံရရှိသော အလှူငွေများဖြင့် လှူဒါန်းဖို့ ရည်ရွယ်ထားပါတယ်။ ထို့ပြင် မြင်းခြံမြို့၊ အမှတ်(၁၇) ရပ်ကွက်ရှိ ဆောက်လုပ်လျက်ရှိသော ဓမ္မရုံအတွက် ကျောင်းသားများအားလုံး အနေဖြင့် တတ်နိုင်သမျှ လှူဒါန်းမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ အားလုံး အနေဖြင့် လစဉ် လှူဒါန်းမှုများ ပြုလုပ်နေကြသည်ကို သတိဉာဏ်ယှဉ်ပြီး သိဖို့၊ လှူဒါန်းဖို့ လိုပါတယ်။ လစဉ် အလှူငွေကောက်တယ်ဆိုလို့ ထဲ့လိုက်ရတာမျိုးသည် ဉာဏ်မယှဉ်သေးပါဘူး။ လှူဒါန်းလိုက်တဲ့ ငွေပမာဏ အနည်း၊ အများသည် အဓိက မဟုတ်ပါ။ စိတ်ရင်း စေတနာသည်သာ ကံ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေသည် ရှိလွန်းနေလို့ လှူဒါန်းနေခြင်းမဟုတ်ပါ။ သိလို့ လှူဒါန်းတယ်လို့ နှလုံးသွင်း ထားသင့်ပါတယ်။ ဘာကိုသိတာလဲ ဆိုရင် ကျွန်တော်တို့တွေ ဘ၀ ဖြစ်လာရတဲ့ အခါ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ အလုံးစုံသော ဖြစ်စဉ်တွေသည် ဆင်းရဲခြင်း အမှန်ဆိုတာကို သိပြီး ထိုဆင်းရဲ အပေါင်းက လွတ်ခြင်တဲ့ ဆန္ဒနဲ့ လှူမှ ဉာဏ်ယှဉ်ပြီး လှူဒါန်းရာရောက်လို့ ထိုအလှူသည် အမြတ်ဆုံးသော အကျိုးကို ပေးပါလိမ့်မယ်။ အကျိုးပေးမယ့် အလုပ်က ဓမ္မာနိယာမ အရ ဓမ္မအလုပ်ပါ။ ကိုယ်က ကိုယ်လုပ်သင့်တာကို လုပ်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။
ဆရာတော် အရှင်ဇ၀နထံကို ကာလဒါန အဖြစ်အသုံးပြုနိုင်ရန် အတွက် ၀တ္ထုငွေများ လှူဒါန်းတဲ့ အခါမှာ ဆရာတော်က အောက်ပါအတိုင်း ဆုံးမသြ၀ါဒစာ ရေးသားပေးခဲ့ပါတယ်။
ပညာမဲ့သူသည် လူ့ဘ၀ခန္ဓာကို ကာမဂုဏ် စည်းစိမ်အတွက် အသုံးချ၍ အပါယ်သို့သွားသည်။
ပညာရှိသူသည် လူ့ဘ၀ခန္ဓာကို တရားရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့သွားသည်။
ဒီစကား နှစ်ခွန်းသည် အဓိပ္ပါယ်ကို ကောင်းစွာ သဘောပေါက်ပြီး မိမိဘ၀ ဆုံးဖြတ်ချက်ကို မိမိကိုယ်တိုင်ပဲ ချမှတ်နိုင်ပါတယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တိုင်းသည် သစ္စာထိုက်ပါတယ်။ ဘုရားရှင်သည် ၀ိပဿနာ ဘာဝနာ၊ ကမ္မဋ္ဌာန်းဘာဝနာ တရားတွေကိုပဲ ဟောကြားခဲ့ခြင်း မဟုတ်ပါဘူး။ ဒါန၊ သီလ မှအစပြုလို့ နိဗ္ဗာန်သို့ ရောက်ကြောင်း တရားတွေကို သတ္တ၀ါတွေ လိုက်နာကျင့်သုံးနိုင်ဖို့ နည်းလမ်းများစွာနဲ့ ဟောကြားခဲ့တာပါ။ ဒါနပြုနေတာသည် လောဘ တဏှာကို စွန့်နေတာပါ။ တရားလုပ်တယ်ဆိုတာလည်း ကိလေသာကုန်အောင် ကျင့်နေတာလို့ ဆိုနိုင်ပါတယ်။ ဒီတော့ ဒါနပြုပြီး လောဘတဏှာကို နည်းပါးအောင် လုပ်နေတာသည်ပင် တရားအလုပ် ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့သည် ပေါ့ပေါ့တန်တန် သဘောမထားပဲ လေးလေးနက်နက် သိစေချင်ပါတယ်။
ခရီသွားသူသည် ရေဗူးနဲ့ ရိက္ခာပါမှ သင့်တော်သလို၊ သံသရာခရီးသွားဖြစ်သော လူသားတို့လည်း ဒါန၊ သီလ၊ ဘာဝနာလို့ ဆိုတဲ့ သံသရာ အတွက် ရိက္ခာ ထုပ်ပိုးထားပါမှ သင့်တော်ရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့် မသေခင် အချိန်ရတုန်းမှာ ရိက္ခာလေးတွေ ကိုယ်စီ ကိုယ်ငှထုတ်ပိုးကြဖို့ တိုက်တွန်း နှိုးဆော်အပ်ပါတယ်။
လှူဒါန်းချင်တဲ့ စိတ်သည် သဒ္ဓါစိတ်ဖြစ်ပါတယ်။ တကယ်လိုတဲ့ နေရာကို ရွေးချယ် လှူဒါန်းခြင်းသည် ပညာဓာတ် ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာယှဉ်ပြီး ပြုလုပ်တဲ့ ဒါနကုသိုလ်သည် ဖြစ်ရာဘ၀မှာ စီးပွားဥစ္စာ ပေါကြွယ် ၀သလို ဉာဏ်ပညာလည်း ထက်မြက်စေပါတယ်။ တရားတော်ကို တစ်ကြိမ် တစ်ခါနာရုံနဲ့ ရဟန္တာဖြစ်သွား သူများသည် ဆိုခဲ့ပြီးသော ဒါနမျိုးကို ပြုလုပ်ခဲ့သူများ ဖြစ်ပါတယ်။ (အရှင်ဇ၀န စာအုပ်မှ-)
ထို့ကြောင့် မိမိတို့ လစဉ် ပြုလုပ်နေကြသော ဒါနကောင်းမှု အလုပ်ကို သဒ္ဓါ၊ ပညာယှဉ်ပြီး လှူဒါန်းကြဖို့ အသိပေး အပ်လိုက်ရပါတယ်။

ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း

မှတ်ချက်။ ။ယခုလတွင် မလင်းလက်အေး၊ မခင်သပြေ၊ ဂျစ်ပစီမိုးတိမ် တို့ သူငယ်ချင်း သုံးယောက်မှ USD100 ပါဝင် လှူဒါန်းခဲ့ပါတယ်။ မဆင့်ဆင့်သက် (စင်္ကာပူ)မှ မြန်မာငွေ ၅သောင်းကျပ် လစဉ် လှူဒါန်းပါတယ်။


အပြည့်အစုံသို့

“အလှူ (သို့) ရရှိခြင်း”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့…
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ ဦးဆောင်၍ လစဉ်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် မင်္ဂလာဒုံမြို့နယ်၊ သစ်စိမ့်ကုန်းရပ်ကွက်ရှိ သုခကာမီ(၂) အမျိုးသမီးသင် ပညာရေးကျောင်းသို့ န၀ကမ္မအလှူငွေ (၄)သိန်း။ ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ ဇမ္ဗူဥသျှောင် သီလရှင် စာသင်ကျောင်းသို့ အလှူငွေ (၄)သိန်း။ မန္တလေးမြို့နှင့် စစ်ကိုင်းတောင်တို့တွင် ကွန်ပျူတာနည်းပညာများ သင်ကြားပေးနေသော သံဃာတော် အရှင်သူမြတ်များအတွက် န၀ကမ္မအလှူငွေ (၄)သိန်း ထဲ့ဝင်လှူဒါန်း ခဲ့ပါတယ်။
ယခုလတွင်လည်း အတိတ်ကံ အကျိုးပေးကြောင့် ဒုက္ခရောက်နေကြရသော ကလေးသူငယ်များကို လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် အတွက် ပခုက္ကူမြို့ရှိ မျက်မမြင်ကျောင်း။ ပရိယတ္တိ စာပေများကို သင်ယူနေကြသော သံဃာတော် အရှင်သူများကို ဆွမ်းလောင်းလှူနိုင်ရန် အတွက် ပခုက္ကူမြို့၊ အနောက်ကျောင်းတိုက် ဆွမ်းလောင်းအသင်း။ မြောက်ဥက္ကလာ (၂)ရပ်ကွက်၊ နတ်မောက် ၀ိဇ္ဇာ၊ သိပ္ပံ ဘုန်းကြီး ကျောင်းနှင့် နာရေးကိစ္စတို့ကို ဆောင်ရွက်ပေးနေကြသော မြင်းခြံမြို့ နာရေးကူညီမှု အသင်းသို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ယခုလတွင် ကျောင်းသားများ အားလုံး သိရှိပြီးဖြစ်သည့် အတိုင်း စတုတ္ထအကြိမ်တွင် လှူဒါန်းခဲ့သော စစ်ကိုင်းတောင်ရိုး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အသစ်ဆောက်လုပ် လှူဒါန်းရန်အတွက် အလှူငွေများ လိုက်လံ ကောက်ခံခဲ့ပါတယ်။ ထိုကျောင်း ဆောက်လုပ်လှူဒါန်းရာတွင် ခန့်မှန်း ကုန်ကျငွေမှာ သိန်း ၁၂၀ ခန့် ဖြစ်ပါတယ်။ လက်ရှိ ကျောင်းများအလိုက် ထိုကျောင်းကလေး ဖြစ်ထွန်းလာစေရေးအတွက် ဒေါ်လာ ၁၀၀၊ ဒေါ်လာ ၅၀ အားဖြင့် မတည် အလှူရှင်များ၏ စုစုပေါင်း ငွေပမာဏသည် (၆၅၀၀) ဒေါ်လာခန့် ရရှိပါတယ်။ ထိုရရှိငွေများနှင့် မလုံလောက်သောကြောင့် လိုအပ်သောငွေများအား လိုက်လံကောက်ခံပြီး (၅.၂.၂၀၀၉) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဒေါ်လာ (၉၅၀၀) ပေးပို့ခဲ့ပါတယ်။ လစဉ်လျာထားသော နေရာများ ကိုလည်း လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ယခုလတွင် ကောက်ခံရရှိသော ကျောင်းများနှင့် ထည့်ဝင်လှူဒါန်းသည့် တစ်ဦးချင်း အလှူငွေများကို ကြည်နူး ၀မ်းသာကြစေရန် ဖော်ပြအပ်ပါတယ်။
စဉ် ကျောင်း………အလှူငွေ ………တစ်ဦးချင်း(၁၀၀)…….. တစ်ဦးချင်း(၅၀)
၁။ MEPHI ……….. ၃၂၀၀၀ ………… (၄၈) ဦး ………….. (၁၉) ဦး
၂။ MAI …………… ၂၂၀၁၀ …………. (၂) ဦး
၃။ MSU ………….. ၂၃၉၈၃ …………. (၁) ဦး
၎။ MUCTR ………. ၁၉၀၃၆ ………… (၂) ဦး
၅။ SMTU …………. ၁၀၉၀၀
၆။ MSMU …………… ၈၈၈၀
၇။ BMSTU …………. ၈၈၆၅
၈။ MSTU ……………. ၆၅၄၃
၉။ MATI ……………. ၃၅၀၀ ……….. (၁) ဦး
၁၀။ MIET ………….. ၅၄၇၀ ……….. (၁) ဦး
၁၁။ MISA ………….. ၂၆၇၀
-----------------------------------------------------------------
ပေါင်း …………….. ၁၄၃၈၅၇ ရူဘယ်
ကျွန်တော်တို့ ရုရှားရောက် ကျောင်းသားများက မြန်မာပြည်ရှိ ဆင်းရဲနွမ်းပါးသော နေရာများသို့ လစဉ် လှူဒါန်း နေကြရာတွင် အလှူနှင့်ပတ်သက်၍ အဓိက နားလည်ထားရပါမယ်။ ကမ္မနိယာမ သဘောအားဖြင့် လှူခြင်း ဆိုတာ စေတနာက စေ့ဆော်မှုကြောင့် မိမိပိုင်ဆိုင်သော ငွေကြေးများမှ သဒ္ဓါတရားရှိကြသလောက် ပေးလှူ နေခြင်းဆိုတဲ့ ကာယကံအမှုကို ပြုလုပ်လိုက်ခြင်းပါပဲ။ ထိုကာယကံ အမှုကလည်း စေတနာ စေ့ဆော်မှုကြောင့် ပါ။ ဒါကြောင့် ထိုစေတနာသည် ကံ(သို့)လှူခြင်းရယ်လို့ ဖြစ်လာပြီး ယခုဆိုရင် အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့ ကူညီထောက်ပံ့ခဲ့ပြီး ဖြစ်ပါတယ်။ ထိုကံအလုပ်ကို ပြုလုပ်ပြီးတိုင်း ကံရဲ့သတ္တိများကို မိမိတို့ နာမ်ခန္ဓာအစဉ်တွင် သိုမှီး သိမ်းဆည်းထားပြီး ဖြစ်ပါတယ်။ စေတနာ(သို့)ကံကို သိမ်းဆည်းထားခြင်းပါပဲ။ သိမ်းဆည်းထားပြီ ဆိုကတည်းက အသုံးချဘို့ပါ။ ဘယ်အချိန် အသုံးချမှာလဲ ဆိုရင်တော့ အခွင့်သာတဲ့ အချိန်ပါပဲ။ ပစ္စုပ္ပန်တွင်လည်း ဖြစ်ချင်ဖြစ်မယ်၊ အနာဂတ်ကာလတွင်လည်း ဖြစ်ချင်ဖြစ်မယ်။ အသုံးချတယ် ဆိုတာကလည်း အကျိုးပေးခြင်းပါ။ ကိုယ်ပြုလုပ်တဲ့ အလုပ်ပေါ် မူတည်ပြီး အကျိုးပေးကလည်း အတူတူပါပဲ။
အလုပ်ဆိုတာ ကံ၊ အကျိုးပေးက ၀ိပါက။ ၀ိပါက ဘာကြောင့် ဖြစ်လဲဆိုရင် ကံကြောင့်ဖြစ်။ ကံ= ၀ိပါက။ အပေး= အယူ၊ အလှူ(သို့)ရရှိခြင်း။ အားလုံးက အတူတူပါပဲ။ ဒါကြောင့် မိမိတို့ အနေဖြင့် အလှူဆိုတာ ကိုယ်ကပေး လိုက်ရတာ မှန်သော်လည်း တကယ်တော့ ကိုယ်ရရှိလိုက်တာပါ။ ကိုယ်ထမင်းစားတယ် ဆိုတာလဲ ယူတာပဲ။ ယုတ်စွအဆုံး အိမ်သာတက်တာတောင် ယူတာပါပဲ။ အတိတ်ကပေးခဲ့တော့ အခုယူနေ ရနေရတယ်။ အခုပေးတော့ အနာဂတ်မှာ ရမှာက သေချာပါတယ်။ ဒါတွေက ဓမ္မနိယာမ သဘောပါ။ ဒုက္ခကို သိပြီး ဒုက္ခက လွတ်မြောက်ရာကို ရချင်လို့ လှူတော့ ဒုက္ခလွတ်ရာကို ရမှာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ ရခဲ့ ယူခဲ့သော အလှူ များကို ကြည်နူး အားရ ပီတိဖြစ်အောင် မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုလိုက်ပြီး စာဂါနုဿတိမှ တဆင့် လက္ခဏာရေးတင်ပြီး သတိပြုဆင်ခြင် နိုင်ကြပါလို့ ကောင်းမြတ်တဲ့ စိတ်ဓာတ်ဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါတယ် ခင်ဗျား။
မှတ်ချက်။ ။စစ်ကိုင်းတောင်းရိုးတွင် ကျောင်းဆောက်လုပ်ရန်အတွက် ကျွန်တော်တို့နှင့် အတူ စင်္ကာပူ နိုင်ငံမှ မိတ်ဆွေများလည်း ပါဝင်လှူဒါန်း ခဲ့ပါတယ်။ ယခုအချိန်ထိ စင်္ကာပူနိုင်ငံတွင် ကောက်ခံရရှိငွေမှာ (၇၆၅) စင်္ကာပူ ဒေါ်လာ ဖြစ်ပါတယ်။ လစဉ်လှူဒါန်းသည့် နေရာများ အတွက် မဆင့်ဆင့်သက်မှ မြန်မာငွေ (၅ သောင်း) ကျပ် လစဉ် ပါဝင်လှူဒါန်းနေပါတယ် ခင်ဗျာ။

ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း


အပြည့်အစုံသို့

“သူငယ်ချင်းတို့ သိပါလေ”

“မရွေးချယ်ပဲ ရမ်းလှူသော ဒါနသည်မျိုးသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ၊ မဂ်ဖိုလ်မရနိုင်သူ ဖြစ်ရသည်။ လောက အတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်း သူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာသလို ဉာဏ်လဲ ကောင်းသည် တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် လူ့ဘ၀ကို ကာမဂုဏ် ခံစားဖို့ အတွက်အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။ ပညာရှိသည် လူ့ဘ၀ကို ကုသိုလ်ရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်”
မေတ္တာရှင် (ရွှေပြည်သာ)
၂၀၀၈ ခုနှစ် မေလ ၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ နာဂစ် မုန်တိုင်းကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် များစွာ ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။ ကျန်ရှိနေတဲ့ မိဘပြည် သူများကို ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်များက မိမိတို့ တတ်စွမ်းသမျှ ၀ိုင်းဝန်းကူညီ ပေးခဲ့ကြပါတယ်။ မုန်တိုင်းဖြစ်ပြီးချိန်မှာ သီတဂူ ဆရာတော်ကြီး စင်္ကာပူ နိုင်ငံမှာ တရားပွဲပြုလုပ်ပြီးရတဲ့ ဓမ္မပူဇာတွေကို မုန်တိုင်းဒဏ်ခံရ ပြည်သူများအားလှူဒါန်းခဲ့ပါတယ်။ ထိုတရားပွဲမှာပဲ ဆရာတော်ကြီးက “သူတော်ကောင်းဆိုတာ ဒုက္ခရောက်တဲ့ သူတွေအသံကြားရင် စိတ်နှလုံးမှာ တုန်လှုပ်စွာ ခံစားရမိမယ်၊ အဲဒါ သူတော်ကောင်း လက္ခဏာပဲ” လို့ ဟောတော်မူခဲ့ပါတယ်။ ထို သူတော်ကောင်း လက္ခဏာတွေဟာ ခေတ္တခဏမျှနဲ့ ရပ်တန့်သွားလို့ မသင့်တော်ပါဘူး။ ထပ်ဖန်တလဲလဲ ပြုလုပ်နေသင့်ပါတယ်။



ထိုသို့ လုပ်ဆောင်တဲ့ အလုပ်တွေသည်လဲ မည်သူတဦးတယောက်ကမှ စေခိုင်းခြင်းမျိုးမဟုတ်ပဲ ကိုယ်ပိုင် အသိစိတ်နဲ့ လုပ်ဆောင်သော ဒါနှမှသာလျင် နိဗ္ဗာန်ဆီသို့ပင် ကျေးဇူးပြုနိုင်ပါတယ်။ မုန်တိုင်းဒဏ်ခံရသော ဒေသတွေမှာ များစွာသော လိုအပ်ချက်တွေရှိသော်လည်း မိမိတို့ နိုင်သမျှ ငွေကြေးခွန်အားနဲ့ ကူညီဖို့ ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ကျနော်တို့ စစ်တက္ကသိုလ် အမှတ်စဉ် (၄၈) ကျောင်းဆင်း အရာရှိများမှ တိုင်ပင်ညှိနှိုင်း ခဲ့ပါတယ်။ ကျောင်းများအားလုံးကို ပါဝင်ရန် ကြိုးစားပြီး လုပ်ဆောင်ခဲ့သော်လည်း ဆက်သွယ်မှု အခက်အခဲ၊ အမျိုးမျိုးသောအခက်အခဲများကြောင့် ကျောင်းအားလုံး ပါဝင်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော် နောက်နောင် လှူဒါန်းမှူတို့တွင် သူငယ်ချင်းများအားလုံး တစ်ဦးမကျန် ပါဝင်လှူဒါန်းသွားကြပါလို့ တိုက်တွန်း အပ်ပါတယ်။ ယခုလှူဒါန်းခဲ့မှုတွင် ..
၁။ MIET …….. ၅၄၀၀ ရူဗယ်။ နှင့် ဒေါ်လာ ၄၀၀။
၂။ MEPhI …… ၇၈၀၀ ရူဗယ်။
၃။ MSMU …… ၆၄၀၀ ရူဗယ်။
၎။ MATI …….. ၅၂၀၀ ရူဗယ်။
၅။ MISA …….. ၁၂၀၀ ရူဗယ်။ နှင့် ဒေါ်လာ ၁၀၀။
၆။ MATI ကျောင်း၊ ရုရှား ဆရာမ မှ ဒေါ်လာ ၁၀၀ ပါဝင်လှူဒါန်းခဲ့ပါတယ်။
ထို့ကြောင့် စုစုပေါင်း ရူဗယ် ၂၆၀၀၀ (နှစ်သောင်းခြောက်ထောင်) နှင့် ဒေါ်လာ ၆၀၀ ကောက်ခံရရှိခဲ့ပါတယ်။ ထိုငွေများကို မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းပြီး ဖြစ်ပါတယ်။ ငွေပို့ရာမှာ ဒေါ်လာပြန်လည် လဲလှယ်ရသောကြောင့် အနည်းငယ်မျှ လျော့နည်းမှု ရှိခဲ့ပါတယ်။ ကျနော်တို့ပို့လိုက်သော ဒေါ်လာ (၁၄၄၅) မှ မြန်မာငွေ စုစုပေါင်း (၁၈၂၉၄၂၅) ကျပ် ရရှိခဲ့ပါတယ်။ ထိုငွေများကို မုန်တိုင်းဒဏ် အများဆုံး ခံစားခဲ့ရသော လပွတ္တာမြို့နယ် စလူဆိပ်ရွာ၊ မိဦးကြာနီကန်ရွာ၊ ကျောက်မှော်ရွာ၊ အစုလေးကျေးရွာ၊ များသို့ ခွဲဝေလှူဒါန်းခဲ့ပါတယ်။ (လှူဒါန်းမှု ပုံများကို ကြည့်ရှုကြပါရန်)။ ကျွန်တော်တို့ အင်တိတ်အနေဖြင့် ယခုလို ပညာဆည်းပူးချိန်ကာလဟာ အင်မတန်မှ စုစည်းရလွယ်ကူပြီး ဆွေးနွေးညှိ့နှိုင်းရန် အကောင်းဆုံးသော အချိန်ကာလလေး ဖြစ်တယ်ဆိုတာသတိရ စေလိုပါတယ်ခင်ဗျာ။ ကျနော်တို့ သူငယ်ချင်းအားလုံး အနေဖြင့်လည်း ဘယ်လုပ်ငန်းတွင်မဆို အားလုံး၏ ဆန္ဒရယူပြီးမှသာ ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းအပ်ပါတယ်။
ကျနော်တို့အနေနဲ့ မိမိတို့ တဦချင်းစီ လှူဒါန်းလိုက်သော ဒါနကောင်းမှု အပေါ်မှာ မေ့ပျောက်မသွားပဲ ပြန်လည် ဆင်ခြင်ဖို့ သတိပေးချင်ပါတယ်။ လှူလိုက်ရင်ပြီးရော စေတနာပြတ်တယ် ဆိုတဲ့ မိမိရဲ့ အလှူဒါန အပေါ် မေ့ပျောက်သလိုမျိုးကို ကျနော်တို့ ဘုရားရှင်က မနှစ်သက်ပါဘူး။ ပြုလုပ်လိုက်တဲ့ ကောင်းမှုကို စွဲပြီး ဘုံဘ၀တွေ တမ်းတနေတာ၊ လောကီချမ်းသာကိုပဲ မျှော်ကိုးနေတာမျိုးကိုလဲ မနှစ်သက်ပါဘူး။ ဗုဒ္ဓအလိုကတော့ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းမှုတွေအပေါ် အောင့်မေ့ ဆင်ခြင်ပွားများမှု ပြုလုပ်တတ်ဖို့ဖြစ်ပါတယ်။ ပြန်လည်စဉ်းစားလို့ ဖြစ်လာတဲ့ ပီတိကို ငါမဟုတ်၊ ငါ့ဟာမဟုတ်ဆိုပြီး အတ္တဒိဋ္ဌိကိုခွာ၊ အနိစ္စလက္ခဏာ မြင်တတ်မယ် ဆိုရင် အကောင်းဆုံးသော လှူဒါန်းခဲ့မှုနဲ့ ၀မ်းမြောက်မှုမျိုး ဖြစ်ပါတယ်။ ထို့ကြောင့် သူငယ်ချင်းများ အနေဖြင့် လှူဒါန်းလိုက်သော ကောင်းမှုတွေ အပေါ်မှာ ဆင်ခြင်ကြပါ။ သတိရကြပါလို့ တိုက်တွန်းလိုက်ပါရစေ။ နောင် အကြိမ်များမှာလည်း ကျောင်းအားလုံး ပါဝင်ဖို့အတွက် တဦးချင်း ၀ိုင်းဝန်းကူညီ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ကျနော်တို့ရဲ့ အလှူဒါန ဖြစ်မြောက်ရေးတွင် အဖက်ဖက်မှ ကူညီပေးခဲ့သော ထေရ၀ါဒလူငယ်များ အသင်းအား အထူးပင် ကျေးဇူးတင်ရှိပါတယ်။
သူငယ်ချင်းများ အားလုံး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ အောင်မြင်နိုင်ကြပါစေ..

ကျောင်းသားခေါင်းဆောင်၊ အမှတ်စဉ် (၄၈) ( MEPhI )



အပြည့်အစုံသို့

“သစ္စာသိဖြင့် လှူပါလေ”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့…
ကျွန်တော်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ လစဉ်လှူဒါန်းမှု များပြုလုပ်လျှက်ရှိရာ ယခု (ဒီဇင်ဘာလ) ဆိုရင် ၈ ကြိမ် ရှိခဲ့ပါပြီ။ ယခု ဒီဇင်ဘာလတွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ တရားဓမ္မများ ဟောကြားရာတွင် အထောက်အကူဖြစ်ရန် အတွက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မေတ္တာကျေးရွာ၊ မေတ္တာကျောင်းတိုက်၊ မေတ္တာဆရာတော် ထံသို့ တရားဓမ္မများ ဟောကြားရာတွင် လိုအပ်သော အသံချဲ့စက် ၀ယ်ယူရန် (၄) သိန်း လှူဒါန်းခဲ့ပါတယ်။ ထေရ၀ါဒ သာသနာတော်ကို သန့်ရှင်း၊ တည်တံ့၊ ခိုင်မြဲ စေရန် ၀က်လက်မြို့၊ သီရိမင်္ဂလာ၊ ဟံသာဝတီ ကြို့ပင် ပရိယတ္တိ စာသင်တိုက်တွင် သာသနာ အကျိုးထမ်းရွက် နေကြတဲ့ သံဃာတော် အရှင်သူမြတ်များ အတွက် ဆွမ်းပဒေသာပင် (၇) သိန်း လှူဒါန်းခဲ့ပါတယ်။ ထိုငွေများကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အကျိုးဆောင်သူများမှ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ပျော်ဘွယ်မြို့၊ မန္တလေးတန်းရပ်ကွက်၊ ဘုန်းတော်ကြီး ပရဟိတကျောင်းသို့ (၅) သိန်း လှူဒါန်းခဲ့ပါတယ်။


(၁၂)ပိုင်းတွင် မြန်မာနိုင်ငံတွင် လိုအပ်သောနေရာများအား လှူဒါန်းဖို့ရန်အတွက် ရုရှားရောက် ကျောင်းသားများထံမှ အလှူငွေများ လိုက်လံကောက်ခံကြရာ စုစုပေါင်း (၄၅၆၉၅) ရူဘယ်လ်ရရှိပါသည်။ ကျောင်းများအလိုက် အလှူငွေများရရှိမှုမှာ…
၁။ MEPHI .......................... ၁၅၂၀၄ - ရူဘယ်လ်
၂။ MAI ................................ ၇၈၅၀ - ရူဘယ်လ်
၃။ MATI .............................. ၄၅၂၉ - ရူဘယ်လ်
၎။ MISA .............................. ၄၄၉၃ - ရူဘယ်လ်
၅။ MIET .............................. ၄၃၉၈ - ရူဘယ်လ်
၆။ BMSTU …………………………... ၄၃၆၀ - ရူဘယ်လ်
၇။ MUCTR ........................... ၁၉၅၁ - ရူဘယ်လ်
၇။ MSTU……………………………... ၂၉၁၀ - ရူဘယ်လ်
----------------------------------------------------------
စုစုပေါင်း ............................. ၄၅၆၉၅ - ရူဘယ်လ်
ငွေကြေး ပမာဏ နည်းသည်၊ များသည်က ပဓာန မဟုတ်ပဲ၊ စေတနာ ထားတတ်ဖို့သည်သာ ပဓာနဖြစ်သည်လို့ ဆိုကြသော်လည်း စေတနာ သန့်ရှင်းစွာနဲ့ များများ လှူတော့ ပိုပြီးတော့ အကျိုးကြီးတာပေါ့။ မိမိကိုယ်တိုင်လဲ လှူသလို မိမိနဲ့နီးစပ်ရာ သူငယ်ချင်း၊ နယ်သား၊ ဂါဒီယမ် စသဖြင့် ရင်းနှီးကျွမ်းဝင် တဲ့ သူများကိုပါ ကောင်းမှုကုသိုလ် လုပ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်ပေးကြပါ။
၁။ ဒါယကာ တစ်ယောက်သည် မိမိချည်းသာလှူ၊ သူတပါးတို့အား မတိုက်တွန်း၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ၏။ အခြံအရံကာ မရှိ။
၂။ ဒါယကာ တစ်ယောက်သည် မိမိကိုယ်တိုင် ပေးလှူခြင်းမရှိ၊ သူတပါးတို့အား ပေးလှူရန်တိုက်တွန်း၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌ မိမိမူ စည်းစိမ်ချမ်းသာနှင့် မပြည့်စုံ၏။ အခြံအရံကာ ပေါ၏။
၃။ ဒါယကာ တစ်ယောက်သည် မိမိကိုယ်တိုင်လည်း ပေးလှူခြင်းမရှိ၊ သူတပါးတို့အားလည်း မတိုက်တွန်း၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌ မိမိလည်းမချမ်းသာ။ အခြံအရံလည်း မရှိ။
၎။ ဒါယကာ တစ်ယောက်သည် မိမိကိုယ်တိုင်လည်းလှူ၊ သူတပါးတို့အား နှိုးဆော်၊ ထိုသူမျိုး ဖြစ်လေရာ ဘ၀တိုင်း၌ မိမိလည်း စည်းစိမ်ချမ်းသာ ရှိ။ အခြံအရံလည်း ပေါကြွယ်ဝ၏။
( ဓမ္မပဒ )
ကျွန်တော်တို့ အနေနဲ့ ကူတယ်၊ လှူတယ် ဆိုတာ ယူ လိုက်တာပါ။ မိမိရဲ့ စိတ်သန္တာန်မှာ အလောဘနဲ့ အမစ္ဆရိယ ကို ရရှိလိုက်တာပါပဲ။ (၃၁)ဘုံမှာ အင်မတန်ရခဲ့လှတာက လူ့ဘဝပါ။ အင်မတန်ရခဲ့လှတဲ့ လူ့ဘဝမှာ အင်မတန်ရခဲ့လှတဲ့ အရာရှိပါသေးတယ်။ အဲဒါကတော့ လူ့ဘဝကို ရပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်ရခြင်းပါပဲ။ အဲဒီအင်မတန်ရခဲ့လှတဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်ရခြင်းမှာလည်း အင်မတန်ကို ရခဲ့လှတဲ့ အခွင့်ရှိပါသေးတယ်။ အဲဒါကတော့ လူ့ဘဝကို ရပြီး ကုသိုလ်ကောင်းမှုပြုပြီးတော့ သစ္စာလေးပါးကို ထိုးထွင်းသိမြင်ခွင့်ရခြင်းပါပဲ။
မွေးဖွားခြင်းဒုက္ခ၊ အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်းဒုက္ခ တို့သည် ဆင်းရဲခြင်းဒုက္ခရှိသည်ကို ဘုရားတပည့်တော်၊ တပည့်တော်မတို့ကိုယ်တိုင် ဉာဏ်ဖြင့်ကြည့်၍ သိပြီးဖြစ်ပါ၍၊ ဤမွေးဖွား ခြင်းဒုက္ခ၊ အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်းဒုက္ခကို ရွံမုန်းခြင်း၊ ငြီးငွေ့ခြင်း၊ မလိုချင်ခြင်း ရှိသည်ဖြစ်ပါ၍ ဤဒုက္ခမှလွတ် ရာ၊ အဇာတိဟုဆိုအပ်သော ပဋိသန္ဓေမနေရာ၊ မအိုရာ၊ မနာရာ၊ မသေရာ အမှန် ဤနိဗ္ဗာန်ကိုသာ ရည်စူး၍ လှူတဲ့ဒါန က သစ္စဉာဏ်နဲ့ ယှဉ်တဲ့ ဒါနဖြစ်ပါတယ်။ အဲဒါက အမြင့်မြတ်ဆုံးပဲ ဒီတော့ သစ္စဉာဏ်ဦးဆောင်တဲ့ ကုသိုလ်ကတော့ သံသရာနယ်၊ ဒုက္ခနယ်၊ မီးရှို့ခံရတဲ့နယ်၊ ကိလေသာနယ်က လွတ်တဲ့ ကိလေသာမီး ချုပ်ငြိမ်းတဲ့ အသင်္ခတအငြိမ်းဓာတ် နိဗ္ဗာန်နယ်ကိုပဲ ကျေးဇူးပြု ဆောင်ယူပါတယ်။ ဒီသဘောလေး ကိုတော့ မမေ့မလျော့တဲ့ သတိတရားနဲ့ နှလုံးသွင်းလိုက်ကြပါ။
ထပ်မံနှိုးဆော်အကျိုးမျှော်၍ အကြံတစ်ခုပြုပါရစေ… ရေများရေနိုင်၊ မီးများမီးနိုင်တဲ့ သဘောရှိပါတယ်။ မီးများပြီး ပူပြင်းနေတဲ့အခါ ရေများများပူပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို အားနည်းတဲ့ နေရာလေးတွေ အတွက် ဆထက်တိုး၍ လှူဒါန်းနိုင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော်ပါတယ်။
ကျွန်တော်တို့၏ ယခုလ လှူဒါန်းမှုတွင် မဆင့်ဆင့်သက် (ခေတ္တစင်္ကာပူ)မှ တစ်သိန်းကျပ် ပါဝင်လှူဒါန်း ခဲ့ပါတယ်။ နောက်လများမှာလဲ လှူဒါန်းသွားမည် ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်း၏ ဆန္ဒမှာလဲ ထေရ၀ါဒ လူငယ်များလို့ ဆိုတဲ့ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် အားလုံးနှင့် သက်ဆိုင်တယ်လို့ ခံယူကြစေချင်တာပါ။ ကျွန်တော်တို့ အသင်း၏ ဆောင်ရွက်ချက်များကို ရုရှားက ကျောင်းသား လူငယ်မှမဟုတ် ပြည်တွင်း၊ ပြည်ပမှာ နေကြသော ဓမ္မမိတ်ဆွေများကိုလည်း ပါဝင်လက်တွဲဖို့ ဖိတ်ခေါ်နှိုးဆော်ပါတယ်။

ထေရ၀ါဒ လူငယ်များအသင်း


၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် လှူဒါန်းမည်ဟုသတ်မှတ် လျာထားသောနေရာများမှာ …
၁။ သုခကာမီ(၂) အမျိုးသမီးသင် ပညာရေးကျောင်း၊ အမှတ်(၃) လမ်းမကြီး၊ သစ်စိမ့်ကုန်းရပ်ကွက်၊ သင်္ကန်းကျွန်းကြီး၊ မင်္ဂလာဒုံမြို့နယ် တွင် ကျောင်းဆောင်ဆောက်လုပ်လျက်ရှိရာ န၀ကမ္မအလှူငွေများ ထဲ့ဝင် လှူဒါန်းပါမည်။
၂။ မန္တလေးမြို့နှင့် စစ်ကိုင်းတောင်တို့တွင် ကွန်ပျူတာနည်းပညာများ သင်ကြားပေးနေသော သံဃာတော် အရှင်သူမြတ်များအတွက် န၀ကမ္မအလှူငွေများ ထဲ့ဝင်လှူဒါန်းပါမည်။
၃။ ပရိယတ္တိစာပေများ သင်ကြားနေကြသော ဇမ္ဗူဥသျှောင် သီလရှင်စာသင်ကျောင်း၊ ကျောက်တန်းမြို့နယ်တွင် ပစ္စည်လေးပါးထောက်ပံ့ လှူဒါန်းပါမည်။



အပြည့်အစုံသို့

“ဆုပ်ကိုင်မထားသောလက်များ”

ယခုလ ကောက်ခံငွေများမှ စစ်ကိုင်းတိုင်း ၀က်လက်မြို့ မာဃိန္ဒာရာမ ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မျက်မမြင်ကျောင်း(လူမှုဝန်ထမ်းဦးစီးဌာန)နှင့် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ AIDSကူးဆက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအသင်း (HHHP Happy Haven Humanitarian Project)သို့ လှူဒါန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာ သာသနာတော် သန့်ရှင်းတည်တံ့၊ ထွန်းကား ပြန့်ပွားစေရန် နိဗ္ဗာန်ကိုရည်မှန်း၍ စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့၊ မာဃိန္ဒာရာမ ပရိယတ္တိ စာသင်တိုက်တွင် ရာသက်ပန်ဆွမ်းပဒေသာပင်၊ စာသင်တိုက်သုံး ကျမ်းစာအုပ်များနှင့် ကော်ဇောဝတ္ထုပစ္စည်း၊ စုစုပေါင်းအလှူတော်ငွေ ကျပ်(၇)သိန်း အား ၁၃၇၀ပြည့်နှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၁)ရက်၊ ၂၃-၁၁-၂၀၀၈ နေ့တွင် အကျိုးဆောင်များမှတဆင့် လှူဒါန်းခဲ့ပါသည်။



ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းတွင် စာပေနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားရန် လက်ခံပြုစုစောင့်ရှောက်ထားသော ပြည်နယ်နှင့်တိုင်း အသီးသီးမှ မျက်မမြင်ကျောင်းသား/ကျောင်းသူများအတွက် အလှူငွေကျပ် (၄)သိန်းအား စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ၁၃၇၀ ပြည့်နှစ် တန်ဆောင်မုန်းလဆုတ် (၂)ရက်၊ ၁၄-၁၁-၂၀၀၈ တွင် လှူဒါန်းခဲ့ပါသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ သုခရိပ်မြုံ လူမှုထောက်ပံ့ရေးစီမံချက် အစီအစဉ်ဖြင့် AIDSကူးဆက်ခံ ကလေးငယ်များ စောင့်ရှောက်ရေးအသင်း (HHHP Happy Haven Humanitarian Project)ရှိ ကလေးငယ်များ၏ မျှော်လင့်ချက်များကို ရှင်သန်စေရန်အတွက် ကျန်းမာရေးအထောက်အပံ့အားဖြင့် ကျပ်ငွေ (၄)သိန်းအား ၁၃၇၀ ပြည့်နှစ် တန်ဆောင်မုန်းလဆုတ် (၂)ရက်၊ ၁၄-၁၁-၂၀၀၈ တွင် လှူဒါန်းခဲ့ပါသည်။
ယခုလ(၁၁)ပိုင်းတွင် မြန်မာနိုင်ငံတွင် လိုအပ်သောနေရာများအား လှူဒါန်းဖို့ရန်အတွက် ရုရှားရောက်ကျောင်းသားများထံမှ အလှူငွေလိုက်လံ ကောက်ခံကြရာ စုစုပေါင်း (၄၀၀၀၅) ရူဘယ်လ်ရရှိပါသည်။ ကျောင်းများအလိုက် အလှူငွေများရရှိမှုမှာ
၁။ MEPHI .......................... ၁၅၂၂၅ - ရူဘယ်လ်
၂။ MAI ............................... ၇၁၅၀ - ရူဘယ်လ်
၃။ MSU .............................. ၄၄၄၈ - ရူဘယ်လ်
၎။ MATI ............................. ၃၈၃၀ - ရူဘယ်လ်
၅။ MIET ............................. ၃၀၂၁ - ရူဘယ်လ်
၆။ MISA ............................ ၂၅၃၀ - ရူဘယ်လ်
၇။ MSMU .......................... ၂၄၀၀ - ရူဘယ်လ်
၈။ MUCTR ......................... ၁၃၀၁ - ရူဘယ်လ်
----------------------------------------------------------
စုစုပေါင်း .......................... ၄၀၀၀၅ - ရူဘယ်လ်
ကျွန်တော်တို့များ အသုံးစရိတ်များထဲမှ ခြိုးခြံပြီးလှူလိုက်ခြင်း ဖြစ်သောကြောင့် မိမိတို့ရဲ့ အလှူများအား ပြန်လည်ကြည်နူး ပီတိ ဖြစ်စေရန်ငှာ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖွင့်ထားသောလက်များမှ စီးဆင်းလာခဲ့သော ယခုအလှူငွေများသည် ဆင်းရဲဒုက္ခ ရောက်နေသော ကလေးသူငယ်များနှင့် အခြားဒုက္ခရောက်နေသူများအတွက် အလွန့်အလွန်ကို အကျိုးဖြစ်စေပါတယ်။ တစ်နည်းဆိုသော် အသက်ကယ်တဲ့အလုပ်လို့ ပြောရင်ဖြင့် မှားလိမ့်မည်မထင်ပါ။ အကယ်၍သာ ကလေးတစ်ယောက်ဟာ အစာမစားရလို့ သေတော့မယ်ဆိုတဲ့အချိန် ကျွန်တော်တို့ လှူဒါန်းကျွေးမွေးခဲ့သော လှူဖွယ်ဝတ္ထုသည် ထိုကလေးကိုအသက်ဆက် ပေးလိုက်ခြင်းပါပဲ။ ကျွန်တော်တို့ လုပ်သောအလုပ်သည် အသက်ကယ်သောအလုပ်၊ ကျန်းမာရေးကို ထောက်ပံသောအလုပ်၊ ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်ကြီးအား ရှည်ကြာတည်တံ့အောင် စွမ်းဆောင်မည့် ပရိယတ္တိစာသင်သားများ၏ ပစ္စည်းလေးပါး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း ဖြစ်သောကြောင့် သဒ္ဓမ္မ(၃)ဖြာ သာသနာတော်မြတ်ကြီးကို တစ်ဖက် တစ်လမ်းက ဖြည့် ဆည်းပေးသောအလုပ်၊ ကလေးသူငယ်များရဲ့ အနာဂတ်ပညာရေးအတွက် လိုအပ်သော စာအုပ်စာတမ်းများ၊ အခြားပညာရေး လိုအပ်ချက်များကို တထောင့်တနေရာမှ ဖြည့်ဆည်းပေးသောအလုပ်၊ လက်ကိုမဆုပ်ထားဘဲ ကျွန်တော်တို့တွင် ရှိနေသော ငွေများထဲမှ လှူဒါန်းလိုက်သော ဒါနအမှု.. စသည်.. စသည် များစွာသောအလုပ် များကို အလှူငွေများ ထည့်လိုက်ရုံနဲ့ တပြိုင်နက်တည်း ရရှိသော ကုသိုလ်အစုအပုံကြီးပင် ဖြစ်ပါတော့သည်။
ထို့ကြောင့် “မိမိတို့ လက်ထဲတွင်ရှိနေကြသော လက်ထဲရှိပစ္စည်းများကို ဆုပ်ကိုင်မထားကြဘဲ စွန့်လွှတ် လှူဒါန်းလိုက်ကြပါလို့ မပြောသော်လည်း ပြောသကဲ့သို့ ငါတို့လူမျိုးတွေ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး ကိစ္စရပ်တွေ ကောင်းစားဖို့ရန်အတွက် ငါလှူမယ်ဟဆိုတဲ့စိတ်နဲ့ အလှူခံပုဂ္ဂိုလ်များ လိုက်လံကောက်ခံကြသောအခါ သမထ၊ ဝိပဿနာခြံရံကာ ဆထက် တံပိုးတိုးပြီး လှူဒါန်းနိုင်ကြပါစေ” လို့ ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းကနေပြီး တိုက်တွန်းနှိုးဆော် လိုက်ပါတော့သည် ခင်ဗျာ။ မလှူဖြစ်သော ကျောင်းများကလည်း လှူဖြစ်အောင် ဝိုင်းဝန်းကြိုးစားပေးကြပါရန် အကျိုးမျှော်၍ ထပ်မံနှိုးဆော် လိုက်ရပါသည်။

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း


ယခုလာမည့် ဒီဇင်ဘာလတွင် လှူဒါန်းမည်ဟုသတ်မှတ် လျာထားသောနေရာများမှာ …
၁။ စစ်ကိုင်းတိုင်း ၀က်လက်မြို့ ကြို့ပင် ပရိယတ္တိစာသင်တိုက်တွင် စာသင်သားသံဃာတော်ဦးရေ (၁၂၀) အတွက် ပစ္စည်းလေးပါးနှင့် ပိဋကတ်စာအုပ်များ လှူဒါန်းမည် ဖြစ်ပါသည်။ ဖုန်း - ၀၇၅- ၃၀၂၀၈
၂။ ဘုန်းတော်ကြီး ပရဟိတကျောင်း၊ မန္တလေးတန်းရပ်ကွက်၊ ပျော်ဘွယ်မြို့တွင် ပစ္စည်းလေးပါးထောက်ပံ့ လှူဒါန်းမည်ဖြစ်ပါသည်။
၃။ မေတ္တာကျောင်းတိုက်၊ မေတ္တာကျေးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းတွင် တရားဖြန့်ဝေရာတွင် လိုအပ်လျက်ရှိသော အထောက်ကူပစ္စည်းများ လှူဒါန်းမည်ဖြစ်ပါသည်။


အပြည့်အစုံသို့

“ဒါနမှသည် နိဗ္ဗာန်ပြည်သို့၊”

ဓမ္မမိတ္တအပေါင်း သူတော်ကောင်းတို့…
ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်းမှ ဦးဆောင်၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ အတွက် မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးသော အရပ်ဒေသများသို့ လှူဒါန်းနိုင်ရန် အတွက် ကျောင်းအများစုအား လိုက်၍ကောက်ခံပြီး ယခုဆိုလျှင် ထိုအရပ်ဒေသများသို့ လှူဒါန်းလိုက်ပြီး ဖြစ်ပါသည်။ ယခုလအတွက် လိုက်လံအလှူခံ၍ ရရှိသော ငွေများအား ဖော်ပြအပ်ပါသည်။

၁။ MEPhI ............................ ၁၇၈၉၀ ရူဘယ်။ .....(၇၀၁)ဒေါ်လာ
၂။ MAI ............................... ၁၁၈၅၇ ရူဘယ်။ .....(၄၆၄)ဒေါ်လာ
၃။ MSU ............................... ၁၀၃၁၅ ရူဘယ်။ .....(၄၀၄)ဒေါ်လာ
၎။ MIET ................................ ၈၈၇၇ ရူဘယ်။ .....(၃၄၈)ဒေါ်လာ
၅။ MUCTR ............................. ၈၅၈၄ ရူဘယ်။ .....(၃၃၆)ဒေါ်လာ။
၆။ MATI ................................ ၈၂၈၈ ရူဘယ်။ .....(၃၂၅)ဒေါ်လာ
၇။ MSMU ............................... ၆၅၃၀ ရူဘယ်။ .....(၂၅၆)ဒေါ်လာ
၈။ MISA ................................ ၄၇၇၄ ရူဘယ်။ .....(၁၈၇)ဒေါ်လာ
၉။ BMSTU .............................. ၁၆၃၉ ရူဘယ်။ .......(၆၄)ဒေါ်လာ

စုစုပေါင်းရရှိငွေ ................... (၇၈၇၅၄)ရူဘယ်။ .... (၃၀၈၈) ဒေါ်လာ ရရှိပါသည်။



ထိုရရှိသော ဒေါ်လာ (၃၀၈၈)မှ ၂၆၀၀ ဒေါ်လာအား ယခုဆိုလျှင် မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းပြီးဖြစ်ပါသည်။ တစ်ဒေါ်လာအား လဲလှယ်ရာတွင် မြန်မာငွေ (၁၂၁၀)ကျပ် ရရှိပါသည်။ ၂၆၀၀ ဒေါ်လာကို မြန်မာငွေ စုစုပေါင်း (၃၁၄၆၀၀၀ိ/)ကျပ်တိတိရရှိပါသည်။ သိန်း(၂၀)အား ပြင်ဦးလွင်မြို့အနီး ဒိုးပင်ကျေးရွာရှိ မိဘမဲ့ကလေး (၆၀၀)ကျော်အတွက် လှူဒါန်းလိုက်ပါသည်။ ကျန်သော ငွေ(၁၀)သိန်းကျော်အား မြစ်သားမြို့ လူငယ်ဖွံ့ဖြိုးရေး (မိဘမဲ့) ပရဟိတဂေဟာနှင့် ချောက်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း တို့အား လှူဒါန်းလိုက်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ညီအစ်ကိုများ၊ သူငယ်ချင်းများက မိမိတို့လှူ ဒါန်းလိုက်ပြီး ဖြစ်သော အလှူဒါနများအတွက် ကြည်နူးဝမ်းမြောက် စေရန်အလို့ငှာ တင်ပြလိုက်ရပါသည်။ လိပ်စာအတိအကျနှင့် မှတ်တမ်းဓာတ်ပုံများအား ယခုလမတိုင်ခင် တင်ပြပါ မည်။
မိမိတို့အလှူဒါန တစ်ခုကိုပြုပြီးသောအခါ စေတနာအလျောက် ပြုလုပ်ခဲ့ပြီးသော ထိုအလှူအား မေ့မေ့ပျောက်ပျောက် မထားသင့်ပါဘူး။ ကိုယ်ပြုခဲ့ပြီးသော အလှူဒါနတို့အား အဖန်ဖန်အထပ်ထပ် ပွားများရပါမယ်။ ထိုသို့ပွားများခြင်းကို စာဂါနုဿတိ လို့ခေါ်ပါတယ်။ မိမိစွန့်ကြဲ လှူဒါန်းထားတဲ့ ဒါနဂုဏ်၊ စာဂဂုဏ်တို့ကို အဖန်ဖန်အထပ်ထပ် အမှတ်ရပြီးတော့ နေတာ စာဂါနုဿတိပါ။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ လှူစဉ်အခါက ဝမ်းမြောက်ဝမ်းသာ သဒ္ဓါတရားတွေ ထက်ထက်သန်သန်ဖြင့် လှူဒါန်းထားခဲ့ပြီးသော အလှူဒါနတို့ကို မေ့ပျောက် မသွားအောင် အထပ်ထပ်အမှတ်ရနေရပါမယ်။ အဲဒီလို စာဂါနုဿတိကို ပွားများရင် ရာဂ၊ ဒေါသ၊ မောဟ ကိလေသာများနဲ့ယှဉ်တဲ့ စိတ်တွေဟာ ဖြစ်မလာတော့ပဲ မိမိတို့လှူဒါန်းထား ခဲ့ပြီးသော အလှူဝတ္ထုအာရုံအပေါ်မှာပဲ ဖြောင့်တန်းသွားပါလိမ့်မယ်။ ထိုကဲ့သို့ မိမိစိတ်ကလေး ဖြောင့်တန်းသွားပြီဆိုရင် အလှူနဲ့ပတ်သတ်လို့ (ပါမောဇ္ဇ) ဝမ်းမြောက်မှု၊ ထို့နောက် အလှူကို ဝမ်းမြောက်ကြည်နူးမှု (ပီတိ)တွေဖြစ်တည် လာပါတော့တယ်။ အဲဒီလို ပီတိပါမောဇ္ဇ တွေဖြစ် လာရင် ပီတိကဿ ကာယော ပဿမ္ဘိ ဆိုတဲ့ မိမိစိတ်ဟာ ကိလေသာ အပူတွေငြိမ်းပြီး (ပဿဒ္ဓိ) ဖြစ်လာပါတော့တယ်။ စိတ်တွေ ကိလေသာတွေ အေးငြိမ်းလို့ ပဿဒ္ဓိ ဖြစ်လာရင် စိတ်စေတသိက်တွေရဲ့ မှီရာဖြစ်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးဟာလဲ အေးချမ်းလို့လာပါတယ်။ အဲဒီလို အေးချမ်းလာရင် ပဿဒ္ဓဿကာယော သုခံဝေဒိယတိ ဟုဆိုသော ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများကို ခံစားလာရပါတော့တယ်။ အဲဒီလို စိတ်ရောကိုယ်ရော ချမ်းသာလာပြီဆိုရင် သုခိတော စိတ္တံ သမာဓိယတိ ဆိုတဲ့အတိုင်း စိတ်တည်ကြည်မှု သမာဓိတရာကိုရလာပါတော့တယ်။ အဲဒီအချိန်မှာ မိမိရဲ့စိတ်မှာ ကာမစ္ဆန္ဒ အစရှိတဲ့ နီဝရဏတရားဆိုး တွေမဝင်နိုင်လို့ စိတ်အစဉ် ဟာကြည်လင်းသန့်ရှင်း နေပါတယ်။ အဲဒါကို ဒါနဝေါဿဂ္ဂူပတ္တ ဆိုက်တယ်လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ လှူဒါန်းမှု၊ စွန့်ကြဲမှု အခြင်းအရာကိုထင်ပြီးတော့ ကိလေသာမဝင်ပဲ စိတ်တစ်မျိုးတည်း ဖြစ်နေတာ ကိုပြောတာပါ။ အဲဒီပုဂ္ဂိုလ်ကို ဝိပဿနာတရားသို့ ဆိုက်ရောက်ပြီး စာဂါနုဿတိပွားနေသူလို့ ဆိုထိုက်ပါတယ်လို့ ဘုရားရှင်မိန့်တော်မူခဲ့ပါတယ်။ ထိုကဲ့သို့ စာဂါနုဿတိကိုပွားများလို့ စိတ်တည်ကြည်မှု သမာဓိကို အခြေခံပြီး ဥပါဒါနာက္ခန္ဓာ ငါးပါးကို ဝိပဿနာရှုပွားလိုက်မယ်ဆိုရင် မဂ်တရား၊ ဖိုလ်တရားတွေကို အဆင့်ဆင့်ရရှိနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ပြုလုပ်ခဲ့ပြီးဖြစ်သော ဒါနအမှုကိုအခြေခံပြီး ပြန်လည်ဝမ်းမြောက် ပွားများမယ် ဆိုရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော နိဗ္ဗာန်ကို ဧကန်မျက် မှောက်ပြုနိုင်ပါလိမ့်မည်။ ဤသို့ဆိုလျှင် ဒါနမှုဟာ သံသရာကို ရှည်စေတယ်ဆိုသော အရပ်စကားသည် မှားယွင်းနေသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
စာဂါနုဿတိပွားလို့ သမာဓိရလာတဲ့ အလှူ့ရှင်ကို မြတ်စွာဘုရားရှင်က ဤကဲ့သို့ ချီးကျူးတော်မူထားပါတယ်။
“ချစ်သား… မဟာနာမ် မိမိရဲ့အလှူကို အာရုံပြုပြီး စာဂါနုဿတိကို ပွားများလို့ သမာဓိရနေတဲ့ အရိယပုဂ္ဂိုလ်ကို ရာဂ၊ ဒေါသ၊ မောဟတွေ မငြိမ်းအေး မငြိမ်သက်တဲ့ သတ္တဝါတွေထဲမှာ ငြိမ်းအေးငြိမ်သက်စွာ နေနိုင်သူ၊ ဆင်းရဲခြင်းရှိတဲ့ သတ္တဝါတွေထဲမှာ ဆင်းရဲခြင်းကင်းပြီးတော့ နေနိုင်တယ်လို့၊ ဆိုသင့်ဆိုထိုက်တယ်” လို့ ဘုရားရှင်ကိုယ်တော်တိုင် ချီးကျူးတော်မူခဲ့ပါတယ်။
သုကတံ ဒုကတံ ကမ္မံ ဆာယာ အနုယာယန္တိ
သုကတံ ဒုကတံ ကမ္မံ - ကောင်းစွာပြုအပ်၊ မကောင်းစွာပြုအပ်သော ကုသိုလ်၊ အကုသိုလ် ကံနှစ်ပါးသာလျှင်၊ ဆာယာ - အရိပ်သည်၊ အနုယာယန္တိ - သွားလေသူနောက်သို့ ကောက်ကောက်မသွေ လိုက်ပါကြလေကုန်၏။ ဒါ့ကြောင့် မိမိတို့နောက်သို့ အစဉ်လိုက်ပါမည့် မိမိတို့ပြုလုပ်ခဲ့သော ကောင်းမှုများကို ပြန်လည်ဝမ်းမြောက်ပြီး နောက်နောင်လဲ ပိုမိုလှူဒါန်း နိုင်ကြပါစေ။

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း


အပြည့်အစုံသို့


အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ။

ပရဒုက္ခေ သတိ သာဓူနံ၊ ကမ္ပနံ ဟဒယခေဒံ ကရောတီတိ ကရုဏာ
ပရဒုက္ခေ သတိ- သူတစ်ပါး ဒုက္ခရောက်သည်ရှိသော်၊ သာဓူနံ- သူတော်ကောင်းတွေရဲ့၊ ဟဒယခေဒံ ကရောတိ- စိတ်ထဲမှာ နှလုံးသားထဲမှာ တုန်လှုပ်လာမယ်၊ ထိခိုက်လာမယ်ဆိုရင်၊ ကရုဏာ- ကရုဏာလို့ ခေါ်ရတဲ့အ ကြောင်းကို ကောင်းစွာမှတ်သားထိုက်ပေ၏။
သူတော်ကောင်းတို့မည်သည် သူတစ်ပါးဒုက္ခရောက်သည်ကိုမြင်ရင် တုန်လှုပ်ကြတယ်ဆိုတဲ့ သူတော် ကောင်းတွေရဲ့ စိတ်ဓာတ်ကို မလေးစာပဲ မနေနိုင်အောင်ဖြစ်မိတယ်။ သူတော်မှ ကိုယ်ကောင်းတဲ့ သူ တော်ကောင်းမျိုး မဟုတ်ပဲ သူတော်တော် မတော်တော် ကိုယ်ကကောင်းတဲ့ သူတော်ကောင်း တွေမို့ လည်း အားကျအတုယူချင်စိတ်တွေ ပေါ်လာမိပါတယ်။
ဘယ်နေရာရောက်ရောက် ညီညာနေပါတယ်ဆိုတဲ့ ရေမျက်နှာပြင်တောင်မှ လေတိုက်တဲ့အခါ တွန့်လိမ် ကောက်ကွေ့သွားတာပါပဲ။ ဘ၀ဆိုတာ ရေမျက်နှာပြင်တစ်ခုမှ မဟုတ်ခဲ့တာ။ လောကဓံလှိုင်းရိုက်တဲ့အ ခါ အနိမ့်အမြင့်၊ အကောက် အကွေ့တွေနဲ့ မျိုးစုံအောင်ကြုံတွေ့ရတာ လူ့ဘ၀ပါ။ တို့တွေလည်း လော ကဓံ လှိုင်းတံပိုးတွေအောက်က လူသားတွေပါပဲ။ လူသားအချင်းချင်း ချစ်ခင်ရိုင်းပင်း ကူညီခြင်းဖြင့် အေး အတူပူအမျှ အတူတကွ လက်တွဲထားဖို့ တစ်ကယ်လိုအပ်ပါတယ်။



လက်ကမ်းကာ မကြိုပါပဲ အလွန်ဆိုးစွာ တိုက်ခပ်သွားတဲ့ မုန်တိုင်းဒဏ်ကြောင့် ဘ၀အိုးအိမ်တွေ ပျက်စီး ခဲ့ကြရတယ်။ ကျွန်တော်တို့ တစ်သက်တာ ဒီလောက်များတဲ့ ဘ၀ဆိုးတွေကို မတွေ့ခဲ့၊ မကြားခဲ့ဘူးပါ။ တစ်ကယ်တမ်း မြင်လိုက်ရတဲ့အခါ ရင်ထဲမှာ ဟာကနဲနေအောင် ခံစားခဲ့ရတယ်။ နာဂစ်မွှေလို့ပြီးခဲ့ပါပြီ။ သူ့ရဲ့နောက်တော်က သူပေးခဲ့ရလဒ်တွေကို ခုချိန်ထိအောင် မွှေနေတုန်းပါပဲ။ သူဘယ်လောက်ထိ အောင် နှိပ်စက်နေအုန်းမှာလဲ။
အခုလည်း သူခွဲလို့ ကွဲခဲ့ရတဲ့ လူမမယ်လေးတွေ များသထက်များစွာ။ သူတို့ဘ၀တွေမှာ နောက်ထပ် မုန်တိုင်းတွေ မမွှေစေချင်တော့ဘူး။ တို့ညီတွေ၊ သားတွေ၊ တူတွေ၊ တူမတွေ ဘ၀တွေဆိုးနေခဲ့ရင် တို့ဘယ်လိုတွေ လုပ်ပေးကြမလဲ။ သူတို့လေးတွေမှာ ဘိုးဘွားမရှိကြတော့ဘူး။ မိဘမရှိကြတော့ဘူး။ ဆွေမျိုးသားချင်း မရှိကြ တော့ဘူး။ လောကအကြောင်း ကောင်းကောင်းမသိခင်က လောကကြီးက ပေးခဲ့တဲ့ သင်္ခန်းစာကသူတို့အ တွက် ကြီးလေးလွန်းလိုက်တာဗျာ။
တစ်ကယ်တော့ သူတို့တွေဟာ နိုင်ငံရဲ့ကြယ်ပွင့်လေးတွေပါ။ တစ်ချိန်မှာ တို့တွေအားထားရမယ့် သား ကောင်းရတနာတွေ ပါမလာဘူးလို့ ဘယ်သူများပြောနိုင်မလဲ။ ခုလိုအဖြစ်ဆိုးတွေနဲ့ ကြုံရတာ တို့တွေ အားလုံးအတွက် ရင်နင့်စရာပါပဲ။ အခုကလေးငယ် ၆၀၀ ကျော်ကို ပြင်ဦးလွင်မြို့ ဒိုးပင်ကျေးရွာ ဆရာ တော် ဦးပဏ္ဏ၀၏ ပရဟိတ ကျောင်းမှာစောင့်ရှောက် မွေးမြူထားပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ကြီး မားတဲ့ မေတ္တာ၊ ကရုဏာတွေကို ကြည်ညိုလို့မဆုံးပါဘူး။
ဘာသာစုံ၊ လူမျိုးစုံတဲ့ ကလေးငယ်လေးတွေများစွာကို ရွာနီးချုပ်စပ်နှင့် အနီးအနား ရွာပေါင်း ၃၀၀ ကျော်ကနေ အလှူခံပြီးကျွေးမွေးနေပါတယ်။ သူတို့တွေ ဆင်းရဲစွာ သုံးဆောင်နေကြရတယ်။ ဇလုံးကြီး ကြီးတစ်လုံးတည်းမှာ ကလေးငယ် သုံးလေးယောက် ၀ိုင်းပြီးတော့ ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းကို အသား လုပ်ကာ တစ်ဝမ်းတစ်ခါး အတွက် ဟက်ဟက်ပက်ပက်စားနေကြရရှာတယ်။ ဒီလိုဘ၀မျိုးတွေကို တို့တွေ ဘယ်လို နားတွေနဲ့ နားထောင်နေ ကြမှာလဲ။ ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေရမှာလဲ။
တို့လည်းလူသားပါပဲ။ တို့တွေဘ၀နဲ့ သူတို့လေးတွေဘ၀ ဒီလောက်ကြီးတောင် ကွာဟနေရောလားဗျာ။ ငါတို့တွေ့ သူတို့လေးတွေကို ကိုယ်တိုင်ယုပြီး ထမင်းခွန့်မကျွေးနိုင်ကြဘူး။ အ၀တ်အထည်တွေ ကိုယ်တိုင်ဆင်ပေး ချင်ပေမယ့် တို့လုပ်မပေးနိုင်ဘူး။ သူတို့အနားမှာ ယုယုယယနဲ့ နွေးထွေးစွာ နေထိုင်မပေး နိုင်ကြဘူး။ တစ်ကယ်ပါ …..
သူတို့………ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရှာတယ်။
သူတို့………ဗလာစာအုပ် တစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
သူတို့………တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
သူတို့………ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
သူတို့………ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
သူတို့…….အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
သူတို့…….အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။

If the life we can do no great things, only do small things with great love.
တို့ဘ၀မှာ ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနားကြီးတွေတော့ လုပ်မပေးနိုင်သေပါဘူး။ သေးသေးကွေး ကွေးကွေးလေတွေကိုတော့ တို့တွေကြီးကျယ်ခန်းနားတဲ့ မေတ္တာတရားနဲ့ လုပ်ပေးနိုင်ပါတယ်တဲ့ဗျာ။
ကရုဏာ ရှင်မ မာသာထရီဇာကပြောခဲ့တာပါ။ တို့အားလုံး အခုဒီစာကို ဖတ်နေသူတွေအားလုံးနီးပါး ပြည်ပမှာပဲနေကြတာ များမှာပါ။ ဘာပဲဖြစ်ဖြစ် စွမ်းနိုင်တဲ့နေရာက ကူညီကြဖို့ တိုက်တွန်းပါရစေ။ ပါးစပ်ဆိုက် နိုင်တဲ့သူကလည်း နှုတ်စွမ်းရည်သုံးလို့စည်းရုံး၊ စားရေတဲ့သူကလည်း ရသလောက်ရေးလို့ အသင်းလိုက်၊ အဖွဲ့လိုက် လက်ရောက် လှူဒါန်းစေချင်ပါတယ်။
ဇွန်လ (၆) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဓမ္မစေတီဆရာတော် ဦးကောသလ္လက ….
တချို့လှူဒါန်းတဲ့သူတွေက ဒီလိုပေးကမ်းရတာ ပျော်တယ်ဆိုရင်တော့ မကောင်းဘူး။ ဒုက္ခရောက်တဲ့ သူတွေကို မေတ္တာစစ်စစ်၊ ကရုဏာစစ်စစ်နဲ့ ပေးဝေလှူဒါန်းမှုပဲ ဖြစ်သင့်တယ်။ အပျော်ကုသိုလ်ဖြစ် အောင်လုပ်သင့်ဘူး… ဟူ၍ သတိပြု လိုက်နာဖွယ်ရာ ဆုံးမစကားတစ်ခွန်း မိန့်ထားတာကိုလည်း ဘယ် တော့မှ မမေ့စေချင်ပါဘူး။

What we are doing is just a drop in the ocean. But if that drop was not in the ocean, I think the ocean would be less because of that missing drop. I do not agree with the big way of doing things.
တို့လုပ်ဆောင်ချက်တွေက သမုဒ္ဒရာထဲက ရေပေါက်လဲပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီရေတစ်ပေါက် သာ သမုဒ္ဒရာထဲမှာ မပါဝင်ဘူးဆိုရင် သမုဒ္ဒရာကြီး ရေတစ်ပေါက်တော့ လျော့သွားမှာ သေချာပါတယ်။ ငါကတော့ ကြီးကြီးကျယ်ကျယ်တွေ လုပ်ရမှ လုပ်မယ်ဆိုတဲ့ နည်းလမ်းမျိုးကို သဘောမတူပါဘူး။ တို့ တွေနည်းတာများတာကို ပဓာနမထားကြပဲ မိမိတတ်စွမ်းနိုင်သလောက် လှူဒါန်းမှုပြုကြရန် တိုက်တွန်း နိုးဆော်လိုက်ပါတယ်။

အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ၊ ရေ နေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့ ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့……………

ကျွန်တော်တို့ ရုရှားရောက် ညီအစ်ကိုများအနေဖြင့်လည်း ဤလတွင် ကာယကံမြောက်ကရုဏာဖြင့် ညီအစ်ကို အားလုံး၏ကိုယ်စား YMBA အသင်း အနေဖြင့်လှူဒါန်းသွားမည်ဖြစ်ပါသောကြောင့် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျာ။

တိုက်ရိုက်လှူဒါန်းမှုပြုလို၍ ဆက်သွယ်ချင်လျှင် …

မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
သို့ ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)
မလှသက်မွန် ( nyochawlay85@gmail.com) 01-200399, 200388


ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊
မန္တလေးတိုင်း၊
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

အားလုံးသော သတ္တ၀ါတွေ ဘေးခပ်သခပ်သိမ်း၊ ရန်းခပ်သိမ်းမှ ကင်းငြိမ်း၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။

ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း



အပြည့်အစုံသို့

သြော်...သာဓု..သာဓု..သာဓုလို့..ခေါ်လိုက်ပါတော့ဗျာ.

“မှတ်တမ်းဓာတ်ပုံများသို့..”
ရုရားရောက်မြန်မာကျောင်းသားများခင်ဗျာ….
ကျွန်တော်တို့ လွန်ခဲ့သောလများက လစဉ်လှူနေကျဖြစ်သော မြန်မာပြည် အရပ်ရပ်ရှိ ဆင်းရဲဒုက္ခရောက်နေကြသော နေရာဒေသများသို့ ကျွန်တော်တို့တတွေ ခြစ် ချုပ်ပြီးလှူထားခဲ့ကြသော အလှူများအား ကြည်ညိုသဒ္ဓါ ပွားများနိုင်ကြပါစေရန်အလို့ငှာ အားလုံးရဲ့ကိုယ်စား တင်ပြလိုက်ရပါသည်။ ပြီးခဲ့သော ၈ လပိုင်းမှ ကောက်ခံရရှိငွေများမှာ MEPHIကျောင်းမှ ရူဘယ် (၆၇၀၀)ကျော်၊ MSU ကျောင်းမှ ရူဘယ် (၁၄၂၀၀)ကျော်၊ MUCTR ကျောင်းမှ ရူဘယ်(၁၇၀၀)ကျော် ရရှိခဲ့ပါသည်။ ထိုငွေများနှင့် ၇ လပိုင်းမှ ကျန်ငွေ များနှင့် ပေါင်းပြီး မြန်မာနိုင်ငံသို့ ဒေါ်လာ (၁၂၀၀)တိတိ လှူလှူဒါန်းလိုက်ပါသည်။ MSU

ကျောင်းမှ ၁၃ ရက်နေ့ ပြန်သော ညီငယ်များနှင့် ထည့်ပေးပြီး လှူဒါန်းလိုက်ပါသည်။ စုစုပေါင်း ဒေါ်လာ ၁၂၀၀ အား မြန်မာငွေဖြင့် ပြန်လည်လဲလှယ်ရာ တစ်ဒေါ်လာကို ၁၂၀၀ ကျပ် တိတိဖြင့် လဲရပါသည်။
မြန်မာငွေ ၁၄၄၀၀၀၀ ကျပ်တိတိအား (၄)နေရာ ခွဲဝေလှူဒါန်းခဲ့ပါသည်။ နာရေးကူညီမှုအသင်းက ကျွန်တော်တို့ဆီ အကူအညီတောင်းသောကြောင့် ၃၆၀၀၀၀ ကျပ်တိတိ၊ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာပြုနိုင်ရန်အတွက် ၃၆၀၀၀၀ ကျပ်တိတိ၊ ပျဉ်းမနားမြို့ ခေမာသီဝံကျောင်းတိုက် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ သို့ ၃၆၀၀၀၀ ကျပ်တိတိ၊ စစ်ကိုင်းတိုင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ၃၆၀၀၀၀ ကျပ်တိတိအား စေတနာ ရှင်ကူညီသူများက သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။ ယခုလတွင် (၁၀.၉.၂၀၀၈)ရက်နေ့ ပြန်သွားကြသော ၄၆ မှ သူငယ်ချင်းများနှင့် ယခုလ ကောက်ခံရရှိသောငွေများထဲမှ ဒေါ်လာ(၁၀၅၀) မြန်မာပြည်သို့ ထည့်ပေးလိုက်ပါသည်။
ထိုငွေများသည် MEPHIကျောင်း ကျောင်းသားများ လှူဒါန်းငွေများမှ (၁၄၂၅၀) ရူဘယ်၊ MSUကျောင်းမှ ကျောင်းသားများလှူဒါန်းငွေ ရူဘယ်(၃၃၀၀)ကျော်၊ MUCTR ကျောင်း ကျောင်းသားများမှ လှူဒါန်းငွေ ရူဘယ်(၁၇၀၀)ကျော် ၉ လ ပိုင်းအတွက် လှူဒါန်းကြပါသည်။ လက်ကျန်ငွေများနှင့်ပေါင်း၍ ဒေါ်လာ (၁၀၅၀)လှူလိုက်ပါသည်။ ဒေါ်လာ (၁၀၀၀)အတွက်လဲလှယ်ငွေ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၂၇၀ ရရှိပါသည်။ ပို့လိုက်သော ဒေါ်လာများတွင် တစ်ကျပ်တန်ဒေါ်လာများပါ ပါသဖြင့် (၅၀)အတွက် မြန်မာငွေ ၁၂၅၀ ကျပ်နှုန်းဖြင့် ရရှိပါသည်။ စုစုပေါင်းမြန်မာငွေ (၁၃၃၂၅၀၀)ကျပ်ရရှိပါသည်။ မြန်မာ နိုင်ငံတွင် ရှိသော ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) ရွှေပြည်သာဆီသို့ အားလုံးလှူဒါန်း လိုက်ပါသည်။ လှူဒါန်းငွေများနှင့် ဖြတ်ပိုင်းများ၊ လက်ခံရရှိသောမှတ်တမ်းဓာတ်ပုံများအား ပူးတွဲဖော်ပြထားပါသည်။ မိမိလှူဒါန်းထားသော အလှူများအား ပြန်လည်ကြည်နူး ဝမ်းမြောက်ကြရအောင် ကြည့်ရှုကြည်နူးကြပါခင်ဗျာ။
ဘုရားရှင် ဓမ္မပဒဒေသနာတော်တွင် …
သုခံယာဝ ဇရာသီလံ၊ သုခါသဒ္ဓါ ပတိဋ္ဌိတာ။
သုခေါ ပညာယ ပဋိလာဘော၊ ပါပါနံ အကရဏံ သုခံ။
“သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏၊ သဒ္ဓါတရား တည်တံခိုင်မြဲ ခြင်းသည် ချမ်းသာ၏၊ ပညာကိုရခြင်းသည် ချမ်းသာ၏၊ မကောင်းမှုကို မပြုခြင်းသည် ချမ်းသာ၏။” ဟုဟောတော်မူခဲ့ပါသည်။ မိမိရဲ့သဒ္ဓါတရား တည်တံ့ခိုင်မြဲခြင်းသည် ချမ်းသာတယ်ဆိုတော့ ကျွန်တော်တို့ ရုရှားကိုရောက်နေကြသော ကျောင်းသားများအနေဖြင့် မိမိတို့လူမျိုး များရဲ့ လိုအပ်နေကြသော စား၊ ဝတ်၊နေရေး အထူးသဖြင့် ပညာရေး၊ ထို့ထက်အရေးကြီးသော ဘာသာရေး အသိဥာဏ်များ ရရှိဖို့ရန်အလို့ငှာ ကျွန်တော်တို့ ကြိုးစားပြီးဖြည့်ပေးရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကလည်း ထိုအသိဥာဏ်မျိုးများရရှိအောင် အရင်ဆုံး ကိုယ်ကိုတိုင် အရင်ဆုံးဖြည့်ရမှာပါ။ အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့တတွေ အများကြီး ဖြည့်ပေးသင့်ပါတယ်။ နောက်လဆိုရင် နာဂစ်မုန်တိုင်းကြောင့် မိဘတွေမဲ့သွားကြသော ကလေးသူငယ်များ(၆၀၀)သည် ဒိုးပင်ကိုရောက်နေကြသောကြောင့် ထိုနေရာသို့ လှူဒါန်းမည်ဖြစ်သော ကြောင့် အားလုံးဝိုင်းဝန်းပြီး ဖြည့်ဆည်းပေးကြပါလို့ လှိုက်လှဲစွာ နှိုးဆော်လိုက်ရပါတယ်။ မော်စကိုတွင်ကျောင်းများစွာ ရှိသည့်အနက် ယခုပါဝင်လှူဒါန်းကြတာ ကျောင်း ၃ ကျောင်းပဲရှိပါတယ်။ ကျန်နေသေးသောကျောင်းများမှလည်း ကူညီပေးကြပါဦးလို့………….. မဲ့နေကြသော၊ အင်အားမရှိကြသော၊ အားငယ်ချိနဲ့နေကြသော၊ အားကိုးရာမဲ့နေကြသော၊ ဝိုင်းပယ်ခံနေကြသော ထိုထို မျက်နှာကလေးများကို ငဲ့လျှက်………….

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း


အပြည့်အစုံသို့

တတိယအကြိမ် ပတ္တာနုမောဒန ဖြစ်စေခြင်းအလို့ငှာ...

ကျွန်တော်တို့ ရုရှားရောက်မြန်မာကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံတွင်လိုအပ် လျက်ရှိသော နေရာများကို မိမိတို့တက်စွမ်းသလောက် လစဉ်လှူဒါန်းမှုများပြုလုပ် လျက်ရှိပါတယ်။ ထိုသို့လှူဒါန်းရာမှာ ကျွန်တော်တို့အနေဖြင့် အသင်းဖွဲ့တစ်ခုအနေ ဖြင့်လုပ်ဆောင်ပါက ပိုမိုထိရောက်စွာနဲ့ လစဉ်လှူဒါန်းသွားနိုင်မည်ဟု တွေးမိခဲ့၍ YMBA ဟူသောအမည်ဖြင့် လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လုပ်ဆောင်နေတာတွေက အားလုံးရဲ့ကိုယ်စား မျှသာဖြစ်ပါတယ်။


ထို့ကြောင့် အားလုံးသော အကိုကြီး၊ ညီလေး၊ သူငယ်ချင်းအားလုံး မိမိတို့ကိုယ်တိုင် မလှူဒါန်းနိုင်ခဲ့သော်လည်း ကူညီပြီး လုပ်အားဒါနပြုကြသော စေတနာရှင် မိသားစုတွေကြောင့် ကျွန်တော်တို့၏ အလှူဒါန ( ပရဟိတ )လုပ်ဆောင်မှုဟာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လှူဒါန်းမှုများပြုလုပ်ရန် (၁၈.၇.၂၀၀၈)နေ့တွင် မြန်မာနိုင်ငံသို့ အလှူငွေ ဒေါ်လာ (၁၀၀၀) ပို့ဆောင်ထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့အနေဖြင့် ချက်ချင်းမဖော်ပြနိုင်ခဲ့ပါ။ ထိုငွေများ မြန်မာသို့ ရောက်တာကြာပြီဖြစ်သော်လည်း လှူဒါန်းမှုလုပ်ရန် ရာသီဥတုများ ဆိုးရွားသဖြင့် အချိန်ကြာညောင်းခဲ့ရသည်ကို နားလည်ပေးပါခင်ဗျာ။ ယခုလ (၁၆.၈.၂၀၀၈)ရက်နေ့တွင် လေဘေး ဒဏ်သင့်ခံရသော လပွတ္တာမြို့နယ်သို့ ကျွန်တော်တို့ကောက်ခံရသော ဒေါ်လာ (၁၀၀၀)ကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ကုသိုလ်ကောင်းမှု အစုစုတို့ကို သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါရန် ဓာတ်ပုံများနှင့်အတူ တင်ပြလိုက်ရပါတယ်။ ကောင်းမှုကုသိုလ်ပြုရာမှာ အဖိုးနည်းသည်၊ များသည် က အဓိက မဟုတ်ပါဘူး။ (ဒါနအကြောင်းကို ပိုစ့်တစ်ခုအနေဖြင့်ရေးသား တင်ပြထားပါတယ်)။ ယခုလ (၃.၈.၂၀၀၈)နေ့တွင် ကျောင်းသုံးကျောင်းမှကောက်ခံရရှိငွေ (MEPhI= ရူဗယ် ၆၇၀၀ ကျော်၊ MSU= ရူဗယ်၁၄၀၀၀ ကျော်၊ MUCTR= ရူဗယ်၁၅၀၀) ဖြစ်ပါသည်။ ထိုငွေများကိုလည်း ယခုလ (၁၃.၈.၂၀၀၈)နေ့တွင်ပြန်သွားကြသော MSU ကျောင်း မှ ကျောင်းသားများနှင့် ထည့်ပေးလိုက်ပြီးဖြစ်ပါသည်။ ဒါကြောင့် အကိုကြီး၊ ညီလေး၊ သူငယ်ချင်းတို့ လှူလိုက်သော ရူဗယ်ငါးဆယ်သည် ပြည်သူတွေအတွက် ဆန်းတစ်ပြည်၊ ကြက်သွန် တစ်ပိဿာ လောက်ဖြစ်သွားမယ် ဆိုရင်ဘဲ ကျေနပ်ဖွယ်ပင် ဖြစ်ပါတယ်။ ပရဟိတ ဘုန်းတော်ကြီးစာသင်ကျောင်းတွင်များ ပညာသင်နေသော ကျောင်းသူ၊ ကျောင်းသားလေးများအတွက် ၀တ်စုံ တစ်စုံ၊ စာအုပ် တစ်အုပ်ပင် ဖြစ်သွားပါစေ ၀မ်းသာပီတိဖြစ်ရမှာပါ။ ထို့ကြောင့် မိမိတို့လှူဒါန်းထားခဲ့သော အလှူပစ္စည်းဝတ္ထုနှင့် လှူဒါန်းစဉ်ထားခဲ့သော စေတနာလေးအား ပြန်လည်ဝမ်းမြောက်ကြပါ။ တစ်ခါကြည့်လို့ တစ်ခါဝမ်းမြောက်တိုင်း လှူဒါန်းထားခဲ့သော အလှူနှင့် ထပ်တူထပ်မျှ အကျိုးပေး အတူတူပါပဲ။ ထို့အပြင် လစဉ်လတိုင်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ပါသောကြောင့် သဒ္ဓါတရားနည်းများမဆို လှူဒါန်းကြပါရန် အများအကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျာ။


လေးစားစွာဖြင့်...



ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း


အပြည့်အစုံသို့

ပြုလုပ်နေကျ မြတ်ဒါန...

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ “ဒါန”ဆိုတဲ့စကားလေးကို ကျွန်တော်လူမှန်း သိတက်စအရွယ် ကတည်းက ကြားဖူးခဲ့တာပါ။ တချို့သော လူတွေကလည်း ဒါနကို အထင်ကရကြီးကျယ်ခမ်းနားစွာ ပြုလုပ်လှူဒါန်းနေကြသလို တချို့ကျပြန်တော့လည်း ကိုယ်ဒါနပြုလုပ်လိုက်တာကို ပြုလို့ ပြုမှန်း မသိရလောက်အောင် အမှုမဲ့၊ မမှတ်မဲ့နေ နေကြပါတယ်။ ဒါနဆိုတာဘာလဲ?။ ကျွန်တော် သိသလောက် ပြောပါရစေ။ ဒါနဆိုတာ မိမိမှာရှိသော အရာဝတ္တုပစ္စည်း အပ်ါမှာထားတဲ့ တဏှာ၊ စွဲမတ်မှု၊ တက်မတ်မှုတွေကို ဖြတ်တောက်တာပါ။ တစ်နည်းအားဖြင့် ဒါနပြုတာဟာ မိမိမှာရှိတဲ့ လောဘကို သတ်တာဖြစ်ပါတယ်။ ပေးကမ်းလိုသော စေတနာဖြင့် ဒါနပြုနေချိန်တွင်ဒါနပြုသူ၏ စိတ်ထဲမှာ အလောဘစိတ်နှင့် အမစ္ဆရိယစိတ်တို့ ဖြစ်ပေါ်ပါတယ်။


ဒါကြောင့်လည်း ဒါနဟာ မိမိရဲ့လောဘကို သတ်တယ်လို့ ပြောလို့ရတာပါ။ ဒါနပြုရာမှာ ၀တ္တု ဒါနနဲ့ စေတနာဒါနဟူ၍ရှိကြပါတယ်။ အလှူဒါနတစ်ခု ပြုတိုင်း၊ ပြုတိုင်း စေတနာ အရေးကြီး ဆုံး ဖြစ်ပါတယ်။ စေတနာမပါပါက မည်၍မည်မျှပင် လှူသော်လည်း အကျိုးပေး အလွန်ညံ့ဖျင်း လှပါတယ်။ စေတနာသဒ္ဒါတရား ရှိပြီးလှူပါက မိမိလှူဖွယ်ဝတ္တု အလှူခံပုဂ္ဂိုလ်ထံသို့ မရောက် လိုက်သော်ငြားလည်း အဘိဓမ္မာ သဘောအရ စေတနာဒါနမြောက်ပါတယ်။ ဥပမာအားဖြင့် ပြောရမည်ဆိုရင် ဧည့်သည်တစ်ယောက်၊ ဒါမှမဟုတ် အသိတစ်ယောက် မိမိအိမ်သို့လာပါက ကျွေးလိုသော စေတနာဖြင့် “စားပါဦး” ဟူ၍ခေါ်ယူ ပြောဆိုခြင်းသည် ထိုသူအားမစားသော်လည်း စေတနာဒါနမြောက်ပါတယ်။ ဟန်လုပ်ပြီး ခေါ်ရာ၌ စေတနာဒါန မမြောက်ပေ။ ထိုစေတ နာ ဒါနနှင့်ပက်သက်၍ ဘုရားရှင် ဟောကြားခဲ့သော ဇာတ်တော်တစ်ပုဒ်ရှိခဲ့ဖူပါသည်။ ဘုရား လောင်း ယုန်မင်းဘ၀ ဖြစ်ခဲ့စဉ်တုန်းက ယုန်မင်းဟာ ဥပုသ်စောင့်သိ ပြီးနောက် မိမိထံ အလှူခံ ပုဂ္ဂိုလ်လာပါက “ငါ့အသတ်ကိုသာလှူမည်” ဟု အဓိဌာန်ချမှတ်ခဲ့ပါတယ်။ ထိုအခါ သိကြား မင်းရဲ့ ကျောက်ဖျားပူလာ၍ လူ့ပြည်သို့ကြည့်ရှုရာ ယုန်မင်း၏ မြင့်မြတ်တဲ့ သီလ၊ သမာဓိ၊ ပညာ ကို မြင်လိုက်ပါတယ်။ ဒါကြောင့် သိကြားမင်း သည် အလှူခံပုဏ္ဏားယောင်ဆောင်၍ လူပြည် သို့ဆင်းကာ ယုန်မင်းထံ အလှူခံလေတယ်။ ယုန်မင်းလည်း အလှူခံပုဂ္ဂိုလ် မိမိရှေ့သို့ ရောက်သည့်အခါ မိမိ အဓိဌာန်ပြုထားသည့်အတိုင်း “ကျွန်ုပ်၏ အသားကို အလှူခံပါ” ဟုဆို လိုက်ပြီး အလှူခံပုဂ္ဂိုလ်အား မီးကိုမွှေးစေလိုက်၏။ ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်မချခင် မိမိခန္ဓာအားလှုပ်ခါလိုက်ပါတယ်။ ထိုသို့ လှုပ်ခါရခြင်းမှာ မိမိကိုယ်၌ တွယ်ကပ်နေတဲ့ ပိုးမွှား တွေကို အသတ်မသေစေရန်နှင့်၊ လှူဖွယ်ဝတ္တု သန့်သန့်ရှင်းရှင်း ဖြစ်စေရန်အတွက် ဖြစ်ပါ တယ်။ ထိုသို့ ခါပြီးနောက် ယုန်မင်းဟာ မီးဖိုအတွင်းသို့ ခုန်ဆင်း လိုက်ရာ မီးမှာသီတာ ရေစင်ကဲ့သို့ အေးမြနေခဲ့ပါတယ်။ ယုန်မင်းအား မလောင်ကျွမ်းပဲ ရှိနေခဲ့ပါတယ်။ “အသတ်ကို လှူမည်”ဟူသော စေတနာထက်သန်ခဲ့ခြင်းကြောင့် ယုန်မင်း၏ အသားတို့ အလှူခံ ပုဂ္ဂိုလ်ထံ မရောက်သော်ငြားလည်း ဒါနမြောက်သွားပါတယ်။ အသတ်ကို စွန့်၍လှူတဲ့ ပရမတ္တဒါန ဖြစ်ပါတယ်။ သိကြားမင်းဟာထိုဘုရားလောင်း ယုန်မင်း၏ သူတော်ကောင်းစိတ်ဓာတ်ကို ကမ္ဘာတည်သရွှေ့ နောင်းလူတို့ သိရှိစေဖို့အလိုငှာ တောင်မှ အဆီများကို ထုတ်ယူပြီး ယုန်ရုပ်ကို ရေးဆွဲခဲ့ပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လပေါ်ရှိယုန်ရုပ်လေးကို ယနေ့အချိန် အထိ မြင်တွေ့နေရ ခြင်းဖြစ်ပါတယ်။ ၀တ္တုဒါနမြောက်ဖို့ အတွက် (၃) မျိုးပြည့်စုံရန်လို အပ်ပါတယ်။


(၁) အလှူပေးမည့်ပုဂ္ဂိုလ်၊

(၂) အလှူခံပုဂ္ဂိုလ်၊

(၃) လှူဖွယ်ဝတ္တု၊ တို့ဖြစ်ပါတယ်။


ထိုသုံးမျိုး (၁) ခုခု မရှိလျှင် အလှူဒါနမမြောက်ပါ။ လှူဒါန်းရာတွင် စေတနာ (၃)တန်းဖြင့် လှူ ဒါန်းရပါမည်။ (၁) မလှူခင် စေတနာ၊ (၂) လှူနေစဉ်စေတနာ၊ (၃)လှူပြီးစေတနာ ဟူ၍ စေတနာသုံးတန်ဖြင့် လှူတန်းရပါမည်။ မိမိပြုတဲ့ အလှူဒါနအကျိုးကြီးဖို့ အတွက်-


(၁) အလှူဝတ္တု သန့်ရှင်းစင်ကြယ်ရပါမယ်။

(၂) အလှူခံပုဂ္ဂိုလ်က သီလ၊ သမာဓိနှင့်ပြည့်စုံရပါမယ်။

(၃)အလှူပေးပုဂ္ဂိုလ်က လည်းသီလ စင်ကြယ်ရပါမယ်။

(၄) လှူနေ့စဉ် အခါကာလ၌ စိတ်ကို ကြည်လင်သန့်ရှင်းစွာ ထားရပါမယ်။

(၅) အကျိုးကို ဥာဏ်၊ သဒ္ဒါတို့နှင့် သိမြင် သုံးသပ်ပြီးကာမှ လှူးဒါန်းရပါမယ်။

(၆) မိမိအလှူနှင့် ပက်သက်၍ အပူအပင် နောက်ဆံတင်းမှုမရှိပါစေနှင့်။



ထိုကဲ့သို့သာ နှလုံးသွင်း၍ လှူဒါန်းမည်ဆိုပါကပိုမိုအကျိုးများ စေပါသည်။ တိရစ္ဆာန်မှ မြတ်စွာ ဘုရားအထိ အလှူခံပုဂ္ဂိုလ် (၁၄) ဦးရှိပါတယ်။ တိရစ္ဆာန်အား လှူခြင်းထက် သီလမရှိသော ပုဂ္ဂိုလ်ကို လှူခြင်းက ပို၍ အကျိုများပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ် အဆင့်အလိုက် အကျိုး ထူးပုံမှာ မတူလှပါ။ အလှူခံပုဂ္ဂိုလ်(၁၄)ဦးမှာ-


(၁)တိရစ္ဆာန်

(၂)သီလမရှိသောပုဂ္ဂိုလ်

(၃)သီလရှိသောပုဂ္ဂိုလ်

(၄)ဈာန်ရပုဂ္ဂိုလ်

(၅)သောတပတ္တိမဂ္ဂဠာန်ပုဂ္ဂိုလ်

(၆)သောတပတ္တိဖလဠာန်ပုဂ္ဂိုလ်

(၇)သကဒါဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်

(၈)သကဒါဂါမိဖလဠာန်ပုဂ္ဂိုလ်

(၉)အနာဂါမိမဂ္ဂဠာန်ပုဂ္ဂိုလ်

(၁၀)အနာဂါမိဖလဠာန်ပုဂ္ဂိုလ်

(၁၁)အရမာတ္တမဂ္ဂဠာန်ပုဂ္ဂိုလ်

(၁၂)အရမာတ္တဖလဠာန်ပုဂ္ဂိုလ်

(၁၃)ပစ္စေကဗုဒ္ဓါ

(၁၄)မြတ်စွာဘုရားရှင် တို့ဖြစ်ပါတယ် ။



ဒါနပြုရာမှာ ဆုတောင်းမှားပါက သံသရာပို၍လည်စေပါတယ်။ ဘ၀တွေကို တက်မတ်၍ ဆုတောင်းခြင်မျိုးဟာ “နောက်ထပ် အကြိမ်ကြိမ် သေရပါလို၏”ဟုဆုတောင်းနေခြင်း ဖြစ်ပါ တယ်။ ဒါကြောင့် မသေရာ မြတ်နိဗ္ဗာန်ကိုသာ အလိုရှိပြီး လှူဒါန်းကြစေလိုပါတယ်။ ဘုရားရှင် အလိုကျ ဒါနပြုနည်း (၅) မျိုးရှိပါတယ်။ အဲဒီ (၅) မျိုးကတော့-


(၁) ဘုရား၊ တရား၊ သံဃာတို့ အပေါ်၌ သဒ္ဒါတရားရှိရမည့်အပြင် ကံကံ၏အကျိုးကိုလည်း ယုံကြည်မှုသဒ္ဒါတရားရှိရပါမယ်။

(၂) အလှူခံပုဂ္ဂိုလ်ကိုရိုရိုသေသေလှူရပါမယ်။

(၃) အလှူခံပုဂ္ဂိုလ်ရဲ့လိုအပ်ချက်ကိုလှူရပါမယ်။

(၄) လှူပြီးတဲ့ဝတ္တုကိုပြန်၌မနှမြောပါနှင့်။

(၅) မိမိရဲ့အလှူဒါနကြောင့်တခြားသူတို့အားမထိခိုက်စေရပါ။


အဲဒီအချက် (၅)ချက်အား ပြည့်စုံစွာ လှူမည်ဆိုပါ ဘုရားရှင်ကိုယ်တော်ရဲ့ အလိုကျ ဒါနပြုနည်း ပဲဖြစ်ပါတယ်။ မှတ်သားရလွယ်ကူစေရန် အောက်ပါလင်္ကာလေးကို ဆရာတော်တစ်ပါးမှ ရေးစပ်ခဲ့ပါတယ်။ “သဒ္ဒါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ မစွန်းငြိပဲ၊ မထိမပ၊ ဤငါးဝ၊ မှတ်သား သပ္ဗူရိသမြတ်ဒါန” ဟူ၍ မှတ်သားနိုင်ပါတယ်။ ဒါနဆိုတဲ့စကားလေးကို စာဖတ်သူ အပေါင်း လေးလေး နက်နက် သိသာလာအောင် ကျွန်တော်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ တွေမှတဆင့် စုစည်းထားတာဖြစ်ပါတယ်။ ဒါနကို တိတိကျကျ မှန်မှန်ကန်ကန် ပြုတတ်စေရန် ရည်သန် ရေးသား၍ ဓမ္မဒါန ပြုလုပ်ရခြင်းဖြစ်ပါသည် ။…..။



အပြည့်အစုံသို့

အလင်းရောင်


လတစ်စင်းရဲ့ ထိန်မြရွန်းပခြင်းမှာ

ကမ္ဘာမြေအတွက် အေးမြခြင်းတွေပါတယ်။

အေးမြခြင်းရဲ့ စိမ့်ဖြာစီးယိုခြင်းမှာ

လူသားတွေအတွက် ငြိမ်းချမ်းခြင်းတွေပါတယ်။

ငြိမ်းချမ်းခြင်းရဲ့ ကြည်နူးသိမ်မွေ့ခြင်းမှာ

စိတ်ပညာအတွက် အလှတရားတွေပါတယ်။

ငယ်စဉ်ဘ၀ရဲ့ ကျေးလက်တောရွာတစ်ခုမှာ လပြည့်ညတစ်ညရဲ့ အလင်းရောင်ဟာ သာယာအေးချမ်းမှုအတိ ဖြစ်စေခဲ့တယ်။ လျှပ်စစ်မီးရောင် ထိန်ထိန်ညီးနေတဲ့ မြို့ကြီးတွေမှာတော့ ခံစားမှုအားနေတတ်ပါလိမ့်မယ်။ အညာဒေသတစ်ခုရဲ့ ပူပြင်းလှတဲ့ နွေရာသီညချမ်းတစ်ခုမှာ လရောင်ထိန်ထိန်သာလင်းလျက် ကစားမလား၊ နားမလား၊ ရွှေစွန်ညို ဘာကိုလိုလို့ ၀ဲပါတယ် အစရှိတဲ့ ငယ်စဉ်ကလေးဘ၀သည်က အမှန်ပင်အေးမြခြင်းတွေကို ပေးခဲ့ပါတယ်။ သုခုမယဉ်ကျေးမှု ဓလေ့များ အနည်းငယ်သာကွာခြားလျက် ကမ္ဘာမြေတစ်ခုလုံးကို လမင်းရဲ့ အလင်းရောင်ဟာ အေးမြခြင်းတွေ အတိဖြစ်စေခဲ့တာတော့ မည်သူမျှ ငြင်းဆိုနိုင်လိမ့်မဟုတ်ပေ။ လပြည့်ညရှိနေသလို လမိုက်ည ဆိုတာ လည်း သဘာဝရဲ့နိယာမသဘောအတိုင်း ရှိနေတတ်စမြဲ။ လမင်းရဲ့အလင်းရောင်ဟာ အေးမြခြင်း အတိဖြစ်စေခဲ့သလို လမိုက်ညမှာလည်း ကမ္ဘာမြေအတွက် သောကလှိုင်းလေးလည်း လေပြေလေညင်း ကဲ့သို့ ညင်သာတိုးဝင် တိုက်ခတ်တတ်နေတတ်ပါသည်။ မည်သို့ဆိုစေ လမင်းတစ်စင်းမှ စိမ့်ဖြာစီးယိုမှု မှာတော့ လူသားတိုင်းအတွက် ငြိမ်းအေးခြင်းတွေပါသည်ကို အားလုံးပင် လက်ခံလျက်ရှိကြသည်။ ငြိမ်းအေးခြင်းတွေ ဖြစ်ခိုက်မှာတော့ စိတ်ရဲ့ အလှတရားလေးတွေ လန်းဆန်းပွင့်ဝေနေပါတယ်။ တစ်နည်း စိတ်လေးတွေ ညသန်းခေါင် ကန်ရေပြင်ကဲ့သို့ မမှိတ်မသုန် တည်ငြိမ်လျက်ပေါ့။ ဂီတပညာရှင်တို့ ကျက်စားရာ အချိန်ဟုဆိုကြသလို တွေးခေါ်ပညာရှင်တို့ ပျော်မွေ့ရာ အချိန်လည်း ဆိုကြပါတယ်။ မည်သို့တိုင်စေ လူသားတိုင်းအတွက် နှစ်သက်ကြည်နူးစေခဲ့တာတော့ အမှန်ပါပဲ။

ဤသို့ဆိုလျှင် လောကကြီးအတွင်းက လူသားတိုင်းအတွက် ထာဝရ ငြိမ်းချမ်းမှုကို ပေးဆောင်နိုင်သည့် အရာလည်း ဧကန်ရှိနေမည်ဆိုသော အချက်ကို ကျွန်ုပ်ယုံကြည်မိသည်။ စိတ်အစဉ်အတန်းလေးတွေ ထာဝရ အေးချမ်းတည်ငြိမ်ခြင်းသာလျှင် လူသားတိုင်းအတွက် ငြိမ်းချမ်းမှုအမှန်ဖြစ်နိုင်ပေမည်။ ထိုသို့ ငြိမ်းချမ်းမှုရရှိရန် မိမိစိတ်ကို အာရုံတစ်ခုတည်းမှာ တည်စေရန်အလို့ငှာ အလေ့အကျင့်ပြုလုပ်မည်။ ဤသည်မှာလည်း စိတ်၏ငြိမ်းချမ်းမှုကို ထာဝရ ပေးစွမ်းနိုင်ခြင်းမရှိပေ။ အဘယ်ကြောင့်နည်းဆိုသော် ဆောင်းလုလင်သည် ဆောင်းတီးခတ်မှု ငါးရက်မျှမတီးလျှင် လက်ပြက်သွားသည်။ ပြန်လည်ကျင့်ယူမှ ရနိုင်၏။ စိတ်သည် ဖြစ်ပြီးသည်နှင့် ပျက်တတ်သောသဘောကြောင့်ပေတည်း။ ဒါဆိုလျှင် အာရုံကိုတစ်ခုတည်း၌တည်စေသော စိတ်ထိန်းကိရိယာသည်လည်း ထာဝရ မဟုတ်ကြောင်းသေချာပေသည်။ ဤသို့ ထာဝရ ငြိမ်းချမ်းမှုကို ရှာလိုကြသော လူသားတို့အတွက် အလင်းရောင်သည်ကား ဧကန်ပင်ရှိနေခဲ့သည်။ ဤသည်ကား ဗုဒ္ဓအရှင်တော်မြတ်၏ တရားတော်များပင်တည်း။ ဗုဒ္ဓဘုရားရှင် ဆုံးမခဲ့သည့်အတိုင်း ကျင့်ကြံလိုက်နာ သူများကို အပါယ်လေးပါးမှလွတ်အောင် ဆောင်မနိုင်သည်ရှိသည် ဖြစ်၍ ဓမ္မဟုခေါ်လေသည်။ တရားတော်များကို ကောင်းစွာဟောကြားတော်မူအပ်သောဂုဏ်၊ ကျင့်ကြံတော်မူသော သူတို့သည် ကိုယ်တိုင်သိမြင်နိုင်တော်မူသောဂုဏ်၊ ထိုတရားတို့သည် အခါမလင့် အကျိုးပေးတတ်စေသောဂုဏ်၊ လာပါ ရှုပါ ကျင့်ကြံပါဟု တိုက်တွန်းခြင်းငှာ ထိုက်သောဂုဏ်၊ ဆင်ခြင်ပွားများ စွဲမှတ်ဆောင်ထား ထိုက်သောဂုဏ်၊ တရားတော်တို့အား ပညာရှိတို့သည် သိအပ်ခံစားအပ်သောဂုဏ်တို့သည်ကား ပြည့်စုံလျက်လည်းရှိပေသည်။ အကြောင်းအကျိုးဆက်ပြီးတော့ ရုပ်နာမ်တရားတွေကတော့ ဖြစ်ပျက်၍ နေလေသည်။ ဤသည်မှာ မမြဲခြင်းအနိစ္စရှိသည်ကို သတိနှင့်ယှဉ်ဆင်ခြင်၍ ဗုဒ္ဓတရားတော်၏ အလင်းရောင်ကို ရအောင်ယူစေချင်ပါသည်။ အမှန်ပင်လည်း အရေးကြီးပါသည်။ အရေးကြီးသည့် အလုပ်ဆိုလျှင် အမြနဖြစ်အောင်လည်းလုပ်ဖို့လိုအပ်ပေသည်။ သဘာဝရဲ့နိယာမဖြစ်တဲ့ အိုမှု၊ နာမှု မရောက်ခင် တရားရအောင် ရှာသင့်လှပေသည်။ ဗွက်ဆိုသောအရာသည် ရေနှင့်ရောစပ်နေသည်။ ရေကြောင့်ဖြစ်သော အညစ်အကြေးကို ရေနှင့်ပြန်ဆေးကြောရသကဲ့သို့ စိတ်ကြောင့်ဖြစ်သော စိတ်အညစ်အကြေးများကို စိတ်ဖြင့် ပြန်လည် သန့်စင်ရပေမည်။ ဉာဏ်မျက်စိများ ပွင့်လင်းလာသည် နှင့်အမျှ စိတ်၏ ငြိမ်းချမ်းမှုကိုလည်း ထာဝရပိုင်ဆိုင်လာမည်ဖြစ်သည်။ လောကကြီးကို အလှဆင်ရန် ကိုယ်ကိုယ်တိုင် မိမိစိတ်ကို အလှဆင်လိုက်ပါ။ အဘယ့်ကြောင့်ဆိုသော်မူကား ကိုယ်ကိုယ်တိုင်သည် ပင်လျှင် လောကထဲမှ အလှတရားဖြစ်တည်နေ၍ကြောင့်ပင်ဖြစ်သည်။ အဆုံးသတ်လိုသည်မှာ လတစ်စင်း၏ အလင်းရောင်သည်ပင် စိတ်၏အလှတရားလို့ဆိုခြင်းထက် ဗုဒ္ဓမြတ်စွာတရားတော်၏ အလင်းရောင်သည်သာလျှင် စိတ်၏ ထာဝရ ငြိမ်းချမ်းခြင်းအလှတရားများဖြစ်သည်ဟု ဆိုရပေမည်။ ထိုအလှတရားများကို ပိုင်ဆိုင်ခွင့်ရအောင် ကြိုးစားစေချင်သည်။ ကြိုးစားသည့်အတိုင်း ရရှိစေ ချင်သည်။ ဤမှန်သောစကားကြောင့်လည်း စာဖတ်သူအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံသည်လည်း ဖြစ်ကြစေသတည်း။

အပြည့်အစုံသို့

ဒုတိယအကြိမ် ပတ္တာနုမောဒန ဖြစ်စေခြင်းအလို့ငှာ

ယနေ့ (၃.၅.၂၀၀၈) နေ့တွင် ကျွန်တော်တို့ရုရှားရောက် မြန်မာကျောင်းသားများမှ စုပေါင်း၍ ဒေါ်လာ(၁၅၀၀) အား မြန်မာနိုင်ငံရှိ မုန်တိုင်းဘေးသင့်ခံရသော ဧရာဝတီတိုင်းဒေသများသို့ လှူဒါန်းခဲ့ပါသည်။ ထိုငွေများသည် (၅)လပိုင်းတွင်ကောက်ခံရရှိသော ကျောင်းပေါင်းစုံမှ လှူဒါန်းလိုက်သော လက်ကျန်ငွေများဖြစ်ပါသည်။ ထိုလှူဒါန်းလိုက်သောငွေများအား မြန်မာပြည်ရှိ စေတနာရှင်များက သွားရောက်လှူဒါန်းပေးပါသည်။ ပစ္စည်းဝယ်ခြင်းများ၊ သွားရောက်ရာတွင် အချိန်ကြန့်ကြာမှုများကြောင့် တုံ့ဆိုင်းမှုများ၊ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ပို့ဘို့ရန် အချိန်ကြန့်ကြာမှုများ ရှိခဲ့ပါသည်။ ယခုတွင် မြန်မာနိုင်ငံမှ စေတနာရှင်ကူညီသူများမှ မှတ်တမ်းဓာတ်ပုံများ ပြန်လည်ပေးပို့သဖြင့် ကြည်နူးဝမ်းသားဖြစ်ပါစေခြင်း အလို့ငှာ တင်ပြလိုက်ရပါသည်။ နောင်တွင်လည်း ကိုယ့်တိုင်းပြည်မှ ဒုက္ခရောက်နေသူများအတွက် သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းကြနိုင်ပါစေလို့ ဤစာလေးဖြင့် နှိုးဆော်လိုက်ရပါသည်။ ကူညီသူများ သွားရောက်လှူဒါန်းပေးစဉ် ရိုက်ကူးခဲ့သော ဓာတ်ပုံများကို သွားရောက်ကြည့်ရှု ကြည်နူးဝမ်းသာကြပါခင်ဗျာ။

ဗုဗ္ဗေဝ ဒါနာ သုမနော ဒဒံ စိတ္တံ ပသာဒယေ
ဒတ္တာ အတ္တာ မနော ဟောတိ ဧသာ ယညဿ သမ္ပဒါ။
ဗုဗ္ဗေဝ ဒါနာ သုမနော - မလှူခင် ရှေးအဖို့လည်း ကောင်းသော စိတ်နှလုံးရှိရပါမယ်။ ဒဒံ စိတ္တံ ပသာဒယေ - လှူနေတုန်းလည်း စိတ်းကလေးက ကြည်လင်နေရပါမယ်။ ဒတ္တာ အတ္တာ မနော ဟောတိ - လှူပြီးသွားသော အခါတွင်လည်း စိတ်နှလုံးကြည်နူးစွာဖြင့် ပြန်လည်တွေးတိုင်း ဝမ်းမြောက်ရပါမယ်။ ဧသာ ယညဿ သမ္ပဒါ - ဒါသည်ပင် အလှူပေးသော ပုဂ္ဂိုလ်များတွင် ပြည့်စုံရမည့် အချက်ဖြစ်ပါသည်တဲ့။ ထို့ကြောင့် မိမိတို့လှူဒါန်းထားခဲ့သော အလှူပစ္စည်းဝတ္ထုနှင့် လှူဒါန်းစဉ်ထားခဲ့သော စေတနာလေးအား ပြန်လည်ဝမ်းမြောက်ကြပါ။ တစ်ခါကြည့်လို့ တစ်ခါဝမ်းမြောက်တိုင်း လှူဒါန်းထားခဲ့သော အလှူနှင့် ထပ်တူထပ်မျှ အကျိုးပေး အတူတူပါပဲ။ ထို့အပြင် လစဉ်လတိုင်း ဆက်လက်
လှူဒါန်း သွားမည်ဖြစ်ပါသောကြောင့် သဒ္ဓါတရား
နည်းများမဆို လှူဒါန်းကြပါရန် အများအကျိုးမျှော်၍ နှိုးဆော်အပ်ပါသည် ခင်ဗျာ။
လေးစားစွာဖြင့်

ထေရဝါဒဗုဒ္ဓဘာသာ လူငယ်များအသင်း

အပြည့်အစုံသို့